GFA အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ယူပြီး ဒုတိယနေရာတွင်ရပ်တည်နေသည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပထမအကျော့၏ နောက်ဆုံးပွဲစဉ်အဖြစ် GFA အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ကျော်ဖြိုးဝေ နှင့် ဂျုနီယာတို့ကသွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ယာယီနည်းပြချုပ် ဦးကျော်ဒွန်း တာဝန်ယူကိုင်တွယ်မှုနဲ့အတူ အသစ်ခေါ်ယူထားသည့် ဘရာဇီးနိုင်ငံသား ဂျူနီယာကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲချိန်တစ်လျှောက် ရန်ကုန်အသင်း အသာအနေအထားဖြင့် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ပွဲချိန် ၈ မိနစ်မှာတွင် ကျော်ဖြိုးဝေက ခေါင်းတိုက်ကာသွင်းယူပေးနိုင်ခဲ့သည်။ ၆ မိနစ်အကြာတွင် ဇော်ဝင်းသိန်း ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို ဂျူနီယာက ပိတ်သွင်းယူပြီး ဒုတိယဦးဆောင်ဂိုးကို ရရှိခဲ့သည်။ GFA အသင်းအနေဖြင့် ပထမပိုင်းအတွင်း နှစ်ဂိုးခွင့်ပြုပေးခဲ့ရသောကြောင့် ကစားသမား ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို ပြန်လည်ရင်ဆိုင်ရန် ပြင်ဆင်လာခဲ့သော်လည်း ပထမပိုင်းပြီးဆုံးချိန်ထိ ရန်ကုန်ယူနိုက်တက် အသင်းက GFA အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်း ၆၀ မိနစ်တွင် ကျော်ဖြိုးဝေနှင့် လမင်းထွေးအစား ထက်ဖြိုးဝေနှင့် စအောင်ပြည့်ကို တို့ကို လူစားလဲအသုံးပြုခဲ့သည်။ ထို့နောက် ပွဲချိန် ၆၅ မိနစ်မှာပဲ စအောင်ပြည့်ကို ကန်ချက်ကောင်းခဲ့သော်လည်း ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ ထို့အပြင် ပွဲချိန် ၆၇ မိနစ်နဲ့ ၇၆ မိနစ်တွေမှာ တိုက်စစ်မှုး ဂျူနီယာ ခေါင်းတိုက်ခွင့် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသောကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက GFA အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “ကစားသမားအားလုံး ကောင်းပါတယ်၊ လိုချင်တဲ့ပုံစံလေးကို Training Session တစ်ရက်ထဲမှာ ပြင်ဆင်ထားတဲ့ ပုံစံလေးတွေနဲ့ ဂိုးရတဲ့အတွက် ကျွန်တော် ကစားသမားတွေ အကုန်လုံးကိုကျေးဇူးတင်ပါတယ်၊ အနိုင်အတွက်လည်း ဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ပထမဆုံးပွဲစဉ်အဖြစ် မဟာယူနိုက်တက်အသင်းနှင့် လာမယ့် စက်တင်ဘာလ ၅ ရက်နေ့တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။