တက္ကသိုလ်အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက်

တက္ကသိုလ်အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက်

MNL League Cup 2024 အုပ်စု(က) ဒုတိယပွဲစဥ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တက္ကသိုလ်အသင်းတို့၏ ပွဲစဥ်ကို ယနေ့ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိ ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ဆန်နိုဂို၊ ဂျီဒီအွန်တပ်တတ်၊ လမင်းထွေး နှင့် ဥက္ကာနိုင် တို့မှ တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲထွက်စာရင်းတွင် ဂိုးသမားနေရာသာ ပြောင်းလဲခဲ့ပြီး အသစ်ခေါ်ယူထားသည့် ဂိုးသမား ပြည့်ဖြိုးအောင် ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ ၃ မိနစ်တွင် ဝေလင်းအောင် ၏ အဝေးကန်ချက် ဂိုးဘားတန်းထိ ပြန်ထွက်ရာမှတဆင့် ဆန်နိုဂို က ပိတ်သွင်းကာဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၁၄ မိနစ်တွင် ထောင့်ကန်ဘောမှ တဆင့် ဂျီဒီအွန်တပ်တတ် က ခေါင်းတိုက်ကာ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် ဝေလင်းအောင်နှင့် ဆန်နိုဂို တို့၏ ဂိုးကန်သွင်းချက်များ ကောင်းမွန်ခဲ့သော်လည်း တက္ကသိုလ် အသင်း ဂိုးသမား ကာကွယ်ခဲ့တာကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ၂ ဂိုး ဂိုးမရှိဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ဦး‌ဆောင်နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ညာတောင်ပံမှ ညီညီအောင် အစား ဥက္ကာနိုင် ကို ပြောင်းလဲအသုံးပြုခဲ့သလို ပွဲချိန် ၆၆ မိနစ် တွင် ဆန်နိုဂိုအစား လမင်းထွေး၊ ရန်နိုင်ဦးအစား ဇော်ဝင်းသိန်း ကို ပြောင်းလဲကစားခဲ့သည်။ ဒုတိယပိုင်းတွင် တက္ကသိုလ်အသင်း၏ တုံ့ပြန်ကစားပုံကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးရရန် အခက်တွေ့သော်လည်း ပွဲချိန် ၈၉ မိနစ်တွင် ဇာနည်ထက် အဝေးကန်ချက် တိုင်ထိရာမှတဆင့် လမင်းထွေး က ထပ်မံပိတ်သွင်းယူကာ တတိယဂိုး သွင်းယူခဲ့သည်။ ထို့ပြင် အချိန်ပို ၄ မိနစ်တွင် အလွတ်တည်ကန်ဘောမှတဆင့် ဥက္ကာနိုင် က စတုတ္ထဂိုး သွင်းယူခဲ့တာကြောင့် ပွဲပြီးဆုံးချိန်တွင် ၄ ဂိုးပြတ်ဖြင့် တက္ကသိုလ်အသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဖရန့်ဘန်ဟက် က “ပထမပိုင်းကစားပုံနဲ့ပတ်သက်ပြီးလည်းကျေနပ်ပါတယ်။ရလဒ်ကိုလည်းကျေနပ်ပါတယ်။ တချို့ကစားသမားတွေမှာလည်း တိုးတက်လာတဲ့အခြေနေလေးတွေတွေ့ရတယ်။ တကယ်ကို ဂိုးပြန်ခွင့်ပြုရလောက်တဲ့အခြေနေလေးတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ပွဲအပြီးမှာတော့ ပထမပွဲမှာလိုဂိုးခွင့်ပြုရခြင်းမရှိဘဲအနိုင်နဲ့အဆုံးသတ်နိုင်ခဲ့တယ်လို့ပြောနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် MNL League Cup 2024 အုပ်စု(က) တွင် ၂ ပွဲ ယှဥ်ပြိုင်ကစားထားခဲ့ပြီး ရမှတ် ၆ မှတ်ဖြင့် အုပ်စုကို ဦးဆောင်ထားနိုင်ခဲ့ပြီး အုပ်စုတွင်း တတိယပွဲစဥ်အဖြစ် မတ်လ ၃၁ ရက်တွင် GFA အသင်းနှင့် YUSC တွင် ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။