ဧရာဝတီယူနိုက်တက်အသင်း ညာတောင်ပံတိုက်စစ်ကစားသမား ညီညီအောင် ကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

ဧရာဝတီယူနိုက်တက်အသင်း ညာတောင်ပံတိုက်စစ်ကစားသမား ညီညီအောင် ကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ဘောလုံးရာသီအတွက် တတိယမြောက်‌ ခေါ်ယူမှုအဖြစ် ဧရာဝတီ ယူနိုက်တက်အသင်း ညာတောင်ပံ တိုက်စစ်ကစားသမား ညီညီအောင် ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
အရပ် ၅ ပေ ၉ လက်မ၊ အသက် ၂၈ နှစ်ရှိပြီဖြစ်သည့် ညီညီအောင် သည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ရေတာ ကျေးရွာ ဇာတိဖြစ်ပြီး အသင်းဖော်များကြားတွင် Robot ဟု ချစ်စနိုး အခေါ်ခံရသူ ဖြစ်သည်။ ကစားသမားဘဝကို ဒဂုံတက္ကသိုလ် ကျောင်းလက်ရွေးစင်အသင်းမှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၊ ၂၀၁၇ ခုနှစ်မှာ ရန်ကုန်ယူနိုက်တက်ယူ-၂၁ အသင်းတို့တွင် ကစားခဲ့သည့်သူတစ်ဦးဖြစ်သည်။ ၂၀၁၈ ခုနှစ်၌ တက္ကသိုလ် လက်ရွေးစင်အသင်းတွင် ထပ်မံရွေးချယ်ခံခဲ့ရပြီး မြန်မာနေရှင်နယ်လိဂ် ၂ တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ တတိယဆု ရရှိခဲ့သည်။
ထို့နောက် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့်အတူ နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၈ ခုနှစ်၊ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဒုတိယဆုကို ရယူပေးနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်လည်း တက္ကသိုလ်လက်ရွေးစင်အသင်း၌ ကစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဧရာဝတီ ယူနိုက်တက်အသင်း သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ၄ နှစ်ကြာ ပါဝင်ကစားခဲ့ရာ မြန်မာနေရှင်နယ်လိဂ် သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူပေးခဲ့သူ ဖြစ်သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမ ကစားသမားကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့သည့်အပေါ် ညီညီအောင် က “ရန်ကုန်လူငယ်အသင်းမှာ ကစားခဲ့စဥ်ကတည်းက အသင်းကြီးကို ပါဝင်ခွင့်ရဖို့ အိမ်မက်ရှိခဲ့ပါတယ်။ အသင်းကို ပြန်ရောက်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာပါ။ ယုံယုံကြည်ကြည်နဲ့ ပြန်ခေါ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ အသင်းနဲ့ အောင်မြင်မှုတွေ ရယူချင်ပါတယ်” ဟု ဝမ်းသာပီတိ စကားပြောကြားခဲ့သည်။