အီမာနျုရယ်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရခိုင်ယူနိုက်တက်အသင်းကို အနိုင်ရရှိ

အီမာနျုရယ်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရခိုင်ယူနိုက်တက်အသင်းကို အနိုင်ရရှိ

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၈ အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ရခိုင်ယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက အီမာနျုရယ်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ရခိုင်အသင်းကို အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် ဂိုးသမား ဆန်းဆက်နိုင် နှင့် ထူးခန့်လွင်တို့ ပွဲထွက်ပါဝင်လာခဲ့ပြီး ၄-၂-၃-၁ ကစားကွက်ဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။

အိမ်ကွင်းအားသာချက်ဖြင့် အကောင်းဆုံးယှဉ်ပြိုင်လာသည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ရမှတ်ပြည့်ရရှိရန် ပွဲထွက်လာခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ ရန်ကုန်အသင်းမှ ဘာဖို၊ အောင်ကျော်နိုင် တို့ ဂိုးရရှိရန် ကြိုးစားခဲ့ပြီး မောင်မောင်လွင် ၏ ထောင့်ကန်ဘောကန်တင်ပေးမှုများဖြင့် တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ရခိုင်အသင်းဖက်မှ ဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း နောက်တန်းမှ အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် ရခိုင်ယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်း ၅၁ မိနစ်တွင် ရန်ကုန်အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး မောင်မောင်လွင် ကန်တင်ပေးရာမှ အဘူဘာကာ အနီးကပ်ခေါင်းတိုက်သွင်းရန် ကြိုးစားသော်လည်း လွဲချော်ခဲ့သည်။ ရန်ကုန်အသင်းမှ ဇင်မင်းထွန်း အစား စိုးမင်းနိုင်၊ အောင်ကျော်နိုင် အစား ငြိမ်းချမ်းအောင် နှင့် ဘာဖို အစား အီမာနျုရယ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်တင်ခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ရှိုရီ ပင်နယ်တီ ဧရိယာအတွင်းချပေးသည့် ဘောလုံးကို အီမာနျုရယ် က အပိုင်သွင်းယူနိုင်ခဲ့ပြီး ရန်ကုန်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ အိမ်ရှင်အသင်းမှ ချေပဂိုးရရှိရန် တန်ပြန်တိုက်စစ်ဆင် ကစားခဲ့သော်လည်း ရန်ကုန်နောက်တန်း နှင့် ဂိုးသမားတို့ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း က ရခိုင်ယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း က “အနိုင်သုံးမှတ်ရရှိအောင် ကစားသမားတွေအားလုံး ကြိုးစားခဲ့ကြပါတယ်။ လေလည်းတိုက်တယ်၊ ကွင်းကသိပ်မကောင်းတဲ့အတွက် ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဒီနေ့နိုင်ပွဲအတွက်လည်း အားလုံးကို ချီးကျုးပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး လာမည့် မတ်လ ၇ ရက်နေ့တွင် ဧရာဝတီယူနိုက်တက်အသင်း နှင့် ပုသိမ်မြို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။