ရမှတ်ခွဲယူခဲ့သည့် အိမ်ရှင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း

ရမှတ်ခွဲယူခဲ့သည့် အိမ်ရှင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်-၇ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း တို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃း၃၀ နာရီက ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ရှိုရီ နှင့် ဘာဖို တို့ကသွင်းယူပေးခဲ့ပြီး ရှမ်းအသင်းအတွက် ဟိန်းဖြိုးဝင်း နှင့် ယာကူဘူ အဘူဘာကာ တို့ကသွင်းယူပေးခဲ့သည်။

အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပွဲစဉ်တွင် ရန်ကုန်အသင်း က ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ပရိသတ်များအတွက် ရသအပြည့်ပေးနိုင်သည့် ပွဲဖြစ်ခဲ့သည်။ ရှမ်းအသင်းက ပွဲချိန် ၁၂ မိနစ်တွင် ဟိန်းဖြိုးဝင်း ၏ ဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ချေပဂိုး ရရှိရန် အီမာနျုရယ်၊ မောင်မောင်လွင်၊ အောင်ကျော်နိုင်တို့၏ အနီးကပ်ကန်သွင်းချက်များကို တစ်ဖက်နောက်တန်း နှင့် ဂိုးသမားတို့ ရှင်းထုတ်ထားခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း ဂိုးကန်သွင်းခွင့်များရရှိခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင် မောင်မောင်လွင် ထောင့်ကန်ဘောကန်တင်ရာမှ လျှံထွက်လာသည့် ဘောလုံးကို ရှိုရီ ကွင်းလယ်မှ အပြင်းကန်သွင်းနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်တွင် အောင်ကျော်နိုင် ကွင်းလယ်မှ ဂိုးထဲသို့ တိုက်ရိုက်ကန်သွင်းရန် ကြိုးစားခဲ့သော်လည်း ဂိုးအဖြစ်သတ်မှတ်ထားခြင်းမရှိခဲ့ပေ။ ရန်ကုန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို အီမာနျုရယ်အစား ဝင်ရောက်လာသည့် ဘာဖို က ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့သည်။ သို့သော် ၃ မိနစ်အကြာတွင် ရှမ်းအသင်းက ရာကူဘူအဘူဘာကာ ၏ သွင်းဂိုးဖြင့် ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ရန်ကုန်အသင်းဘက်မှ အခွင့်အရေးအကြိမ်ကြိမ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း တို့ ၂-၂ ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်း က “ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဂိုးစပေးခဲ့ရတယ်။ ချေပဂိုးရပြီး ဦးဆောင်ဂိုးထပ်ရခဲ့ပေမယ့် ရလဒ်ကိုမထိန်းနိုင်ခဲ့တဲ့အတွက် သရေကျခဲ့တာဖြစ်ပါတယ်။ လာမယ့်ပွဲတွေမှာ ဒီထက်ပိုပြီး အာရုံစူးစိုက်ပြီး ကစားမှ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၁၇ မှတ်ရရှိထားပြီး လာမည့် မတ်လ ၁ ရက်နေ့၊ ရခိုင်ပြည်နယ်၊ ဝေသာလီကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။