ရန်ကုန်အသင်း က ဧရာဝတီအသင်းကို ၄-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိ

ရန်ကုန်အသင်း က ဧရာဝတီအသင်းကို ၄-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃း၃၀ နာရီက ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်း က ဧရာဝတီအသင်းကို ၄-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဘာဖို ၂ ဂိုး၊ ကြည်လင်း နှင့် အီမာနျုရယ် တို့က သွင်းယူပေးခဲ့ပြီး ဧရာဝတီအသင်းအတွက် ဆာဆက် နှင့် သီဟဇော် တို့က သွင်းယူပေးခဲ့သည်။

ယနေ့ပွဲစဉ်တွင် ရန်ကုန်အသင်းအကောင်းဆုံးပုံစံဖြင့် တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ရန်ကုန် အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၀ မိနစ်တွင် ရန်နိုင်ဦးနှင့် ဘာဖိုအချိတ်ဆက်မိမိကစားကာ ဘာဖို က ဂိုးသမားကိုဖြတ်ကျော်ပြီး အနီးကပ်သွင်းယူနိုင်ခဲ့သည်။ ဧရာဝတီအသင်းထောင့်ကန်ဘောကန်ခွင့် အကြိမ်ကြိမ်ရရှိခဲ့သော်လည်း ရန်ကုန်နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၃ မိနစ်တွင် ရန်ပိုင်စိုး အစား မောင်မောင်လွင် ဝင်ရောက်ကစားခဲ့သည်။ ဧရာဝတီအသင်းအတွက် ချေပဂိုးကို ရရှိသည့် ပင်နယ်တီမှတဆင့် ဆာဆက် က ပွဲချိန် ၄၂ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေခဲ့သည်။

ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက လူစားလဲမှုပြုလုပ်ခဲ့သော်လည်း ပွဲချိန် ၅၀ မိနစ်တွင် အီစိုး ထောင့်ကန်ဘောကန်တင်ရာ မောင်မောင်လွင် ခေါင်းတိုက်၍ လျှံထွက်လာသည့် ဘောလုံးကို ဘယ်ခြမ်းက ကြည်လင်း အပိုင်ကန်သွင်းနိုင်ခဲ့သည်။ ဦးဆောင်ဂိုးရပြီး ၃ မိနစ်အကြာတွင် ရန်နိုင်ဦး မတင်ပေးသည်ကို အီစိုး အပိုင်ကန်သွင်းရာ တိုင်ထိပြီး ပြန်ကျလာသည့်ဘောလုံးကို ဘာဖို အနီးကပ်ခေါင်းတိုက်သွင်းယူ နိုင်ခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ကြည်လင်း နှင့် ဘာဖိုအစား ငြိမ်းချမ်းအောင် နှင့် အီမာနျုရယ် တို့ ဝင်ရောက်ကစားခဲ့သည်။ ရန်ကုန်အသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန် ၇၆ မိနစ်တွင် ရရှိခဲ့ပြီး ငြိမ်းချမ်းအောင်နှင့် မောင်မောင်လွင်တို့ အချိတ်အဆက်မိမိဖြင့် ဘယ်ခြမ်း ၁၈ ကိုက်ထိပ်ရှိ အီမာနျုရယ် ထံပေးပို့ခဲ့ရာ အီမာနျုရယ် က အကောင်းဆုံး ကန်သွင်းယူနိုင်ခဲ့သည်။ ဧရာဝတီအသင်းအတွက် ချေပဂိုးကို သီဟဇော် က ပွဲချိန် ၈၀ မိနစ်တွင် သွင်းယူပေးခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “ဒီနေ့ပွဲအနိုင်ရတဲ့အတွက် ပျော်ပါတယ်။ ကစားသမားတွေအားလုံးလည်း ကိုယ့်အလုပ်ကိုလုပ်ကြတယ်။ ဒီအနေအထားကို ဆက်ထိန်းပြီး လက်ကျန်ပွဲတွေကို ယှဉ်ပြိုင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၄ နေရာတွင်ရပ်တည်နေပြီး လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် အား/ကာသိပ္ပံအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။