ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အရေးနိမ့်

ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အရေးနိမ့်

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ၏ပွဲစဉ်တွင် ဧရာဝတီအသင်းက ရန်ကုန်အသင်းကို ကောင်းမြတ်သူ ၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။
ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃ မိနစ်တွင် ကောင်းမြတ်သူကသွင်းယူပေးခဲ့ပြီးအဖွင့်ဂိုးရရှိခဲ့သည်။ ထို့နောက် ကောင်းမြတ်သူကပင် ဧရာဝတီအသင်းအတွက် ပွဲချိန် ၁၈ နှင့် ၂၇ မိနစ်များတွင် အသီးသီးသွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင် ဧရာဝတီယူနိုက်တက်အသင်းက ၃-၀ ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်းကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ကျော်မင်းဦးနှင့် ဇာနည်ထက် အစား လမင်းထွေးနှင့် ပြည့်ဖြိုးဇော် တို့ဝင်ရောက် ကစားခဲ့ပြီး ချေပဂိုးရရှိရေးအတွက် ယှဉ်ပြိုင်ကစားခဲ့သည်။ ချေပဂိုးရရှိရေးအတွက် ဇော်ဝင်းသိန်း နှင့် ထက်ဖြိုးဝေ တို့၏ ဂိုးကန်သွင်းချက်များရှိခဲ့သော်လည်း တစ်ဖက်ဧရာဝတီ ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၆၇ မိနစ်တွင် ဧရာဝတီအသင်း ပင်နယ်တီရရှိခဲ့ပြီး အောင်နိုင်ဝင်း ကန်သွင်းရန်ကြိုးစားခဲ့သော်လည်း ဘုန်းသစ္စာမင်း အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတစ်လျှောက် ရန်ကုန် အသင်း ဂိုးကန်သွင်းခွင့်များရရှိခဲ့သော်လည်း တစ်ဖက်အသင်း ဂိုးသမားမှ ကာကွယ်နိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်း က “မထင်မှတ်တဲ့ရလဒ် ဖြစ်သွားတာပါ၊ စိတ်ထဲမှာလည်း ဘဝင်မကျပါဘူး။ ကျွန်တော်တို့ထပ်ပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်မှရပါမယ်။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် ၃ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၉ မှတ်ဖြင့် အဆင့် ၃ နေရာတွင်ရပ်တည်နေပြီး လာမည့် ဇူလိုင်လ ၂၄ ရက်နေ့၊ ညနေ ၃:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် မဟာယူနိုက်တက်အသင်း နှင့်ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။