ရန်ကုန်ယူနိုက်တက်အသင်းသည် တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် နောက်ခံကစားသမား သီဟထက်အောင် ကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် နောက်ခံကစားသမား သီဟထက်အောင် ကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် တတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် နောက်ခံကစားသမား သီဟထက်အောင် ကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ သီဟထက်အောင် သည် ၂၀၁၀ ခုနှစ်မှစတင်ကာ မြန်မာနေရှင်လိဂ်ကလပ် မကွေးလူငယ်အသင်းတွင် ၂ နှစ်ကြာအသင်းနှင့်အတူ ယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ဇေယျာရွှေမြေ လူငယ်အသင်းသို့ ၂၀၁၂ ခုနှစ်တွင်ပြောင်းရွှေ့ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသို့ ၂၀၁၅ ခုနှစ်တွင် ၃ နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ကာ မြန်မာနေရှင်နယ်လိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ချင်းယူနိုက်တက်အသင်းသို့ အငှားစာချုပ်ဖြင့်သွားရောက်ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ခြေစွမ်းပြကစားခဲ့ပြီး ရာသီကုန်ချိန်တွင် အသင်းနှင့်အတူ အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် တတိယရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
စစ်ကိုင်းတိုင်းဇာတိဖြစ်သည့် သီဟထက်အောင်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် Hassanal Bolkiah Trophy ကိုအသင်းနှင့်ရယူနိုင်ခဲ့သည်။ ထို့နောက် နယူးဇီလန်နိုင်ငံတွင်ကျင်းပခဲ့သည့် အသက် ၂၀ အောက် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့သည့်သူတစ်ဦးဖြစ်သည်။
သီဟထက်အောင် က “အသင်းကိုပြန်လည်ရောက်ရှိလာတဲ့အတွက်ရော အသင်းကဆရာတွေနဲ့ ပြန်လက်တွဲရတဲ့ အတွက်ရောဝမ်းသာပါတယ်။ အသင်းဥက္ကဌကလည်း ကျွန်တော့်ကိုယုံယုံကြည်ကြည်နဲ့ခေါ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အရင်ကစည်းကမ်းနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တာတွေကိုပြန်ပြင်ပြီးလုပ်ပြချင်တယ်၊ နောက်ဆုံးအနေနဲ့ပြောချင်တာက အသင်းအတွက်ရော ကိုယ်တိုင်က သေချာကြိုးစားပြီး ဘောလုံးပြန်ကန်ချင်တာရောအတွက်ပါ အကောင်းဆုံးပြင်ဆင်ပြီး လုပ်ပြသွားပါမယ်။” ဟု ဆိုခဲ့သည်။