ရန်ကုန်ယူနိုက်တက်အသင်း ညာတောင်ပံ ကစားသမား ကောင်းထက်စိုး က နိုင်ပွဲရရန် ပြင်ဆင်ထားသည် ဟု ဆို

ရန်ကုန်ယူနိုက်တက်အသင်း ညာတောင်ပံ ကစားသမား ကောင်းထက်စိုး က နိုင်ပွဲရရန် ပြင်ဆင်ထားသည် ဟု ဆို

ရန်ကုန်ယူနိုက်တက်အသင်း ညာတောင်ပံ ကစားသမား ကောင်းထက်စိုး က လာမည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ပွဲစဉ်အတွက် နိုင်ပွဲရရှိရန် ပြင်ဆင်ထားသည် ဟု ဆိုခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း သည် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် မနက်ဖြန် စက်တင်ဘာလ ၄ ရက်နေ့၊ ညနေ ၃း၃၀နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ကောင်းထက်စိုး က “ဒုတိယအကျော့ နှစ်ပွဲမြောက်ဖြစ်တဲ့ စစ်ကိုင်းအသင်းနဲ့ပွဲအတွက် နည်းပြဆရာတွေနဲ့ ကစားသမားတွေ အကုန်လုံး အကောင်းဆုံးပြင်ဆင်ထားပါတယ်။ လေ့ကျင့်ရေးကို သေချာလုပ်တဲ့အပြင် အနေအထိုင်ကအစ ဂရုစိုက်ပြီး နိုင်ပွဲရဖို့အတွက် သေချာပြင်ဆင်ထားပါတယ်။” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရတနာပုံအသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ကောင်းထက်စိုး က “ပြီးခဲ့တဲ့ပွဲမှာ အသင်းဖော်တွေရဲ့ ပံ့ပိုးပေးမှုနဲ့အတူ အကောင်းဆုံးကစားပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကျော့ ပထမဦးဆုံးပွဲစဉ်မှာ အနိုင်ရခဲ့တဲ့အတွက် နောက်လာမယ့်ပွဲတွေအတွက် ပိုပြီးယုံကြည်မှုရှိလာပါတယ်။” ဟု ဆိုခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ကောင်းထက်စိုး က စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ပတ်သက်၍ ယခုလိုပြောကြားခဲ့သည်။

“စစ်ကိုင်းအသင်းကလည်း မြန်မာနေရှင်နယ်လိဂ်မှာ သတိထားရမယ့်အသင်းတစ်သင်းဖြစ်ပါတယ်။ သူတို့အသင်းနဲ့ကစားတဲ့အခါ အခက်အခဲလေးတွေကြုံတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတဲ့အတွက် အနိုင်ရအောင်ကစားသွားပါမယ်။”
ဆက်လက်ပြီး ၄င်း က “ပွဲကြပ်တွေများပေမယ့် ကစားသမားအလဲအလှယ်နဲ့ ကစားတယ်၊ ကစားသမားတွေဘက်ကလည်း အဆင့်သင့်ပြင်ဆင်ထားတဲ့အတွက် ပွဲပန်းမှုဒဏ်တော့ မခံစားရပါဘူး။ ပွဲတိုင်းကို အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပွဲတိုင်းကိုလည်း TV ကနေ အားပေးကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့ကလည်း ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားပါမယ်။” ဟု ပရိသတ်များအားပေးရန် ဖိတ်ခေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၀ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး စစ်ကိုင်းယူနိုက်တက်အသင်းသည် ၁၀ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၆ ပွဲရှုံး၊ ရမှတ် ၁၀ ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေသည်။