မြန်မာ့လက်ရွေးစင်အသင်းနှင့်ရှမ်းယူနိုက်တက်အသင်းကစားသမား ဒေးဗစ်ထန်း ကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိစာချုပ်ချုပ်ဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့်ရှမ်းယူနိုက်တက်အသင်းကစားသမား ဒေးဗစ်ထန်း ကို ၂၀၂၂ ခုနှစ်ရာသီကုန်ထိစာချုပ်ချုပ်ဆို

၂၀၂၂ ဘောလုံးရာသီအတွက် ပြင်ဆင်မှုပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ကစားသမား ထပ်မံအားဖြည့်မှုအဖြစ် မြန်မာ့လက်ရွေးစင်နှင့် ရှမ်းယူနိုက်တက်ညာနောက်ခံလူ ဒေးဗစ်ထန်း ကို ၂၀၂၂ခုနှစ် ရာသီကုန်ထိစာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
ဒေးဗစ်ထန်း သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တွင် ဘောလုံးပညာကို သင်ယူခဲ့ပြီး ၂၀၀၇ ခုနှစ်မှစတင်ကာ Air Bagan FC အသင်းတွင် စတင်ကစားခဲ့သည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ရန်ကုန်ယူနိုက်တက်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုဖလား ၄ ကြိမ်ကိုင်မြှောက်နိုင်ခဲ့သူဖြစ်သည်။ ၎င်း၏အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်မှုကြောင့် ၂၀၁၁ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် စတင်ရွေးချယ်ခြင်းခံခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။
ထို့နောက် ၂၀၁၈ ခုနှစ်ရာသီဝက်တွင် ရှမ်းယူနိုက်တက်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ရှမ်းအသင်းနှင့်အတူ ၂၀၁၉နှင့် ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ဆုဖလား ရယူနိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
ရန်ကုန်အသင်းသို့ တစ်ကျော့ပြန်လည်ရောက်ရှိလာသည့် ဒေးဗစ်ထန်း က “ကိုယ့်ရဲ့အသင်းဟောင်းကို ပြန်လာရတဲ့အတွက် ပျော်ပါတယ်။ ပြီးတော့ အသင်းဥက္ကဌနဲ့ အသင်းတာဝန်ရှိသူတွေအပြင် အသင်းကဝန်ထမ်းမိသားစုတွေကလည်းနွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ အသင်းအတွက် ကိုယ့်ဘက်ကအကောင်းဆုံးအလုပ်လုပ်ပြသွားပါမယ်။” ဟု ဆိုခဲ့သည်။