ဘရာဇီးကွင်းလယ် တိုက်စစ် အီမာဆင်ကို တစ်ရာသီစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ဘရာဇီးကွင်းလယ် တိုက်စစ် အီမာဆင်ကို တစ်ရာသီစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၁ ဘောလုံးရာသီအတွက် ပထမဦးဆုံးပြင်ဆင်မှုအဖြစ် ဇွဲကပင်ယူနိုက်တက်ကစားသမားဟောင်း ဘရာဇီးကွင်းလယ်တိုက်စစ် အီမာဆင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

အီမာဆင်သည် ၂၀၀၃ ခုနှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့ပြီး ၂၀၁၄၊ ၂၀၁၅ ခုနှစ် ရန်ကုန်အသင်းသို့ရောက်ရှိလာကာ ရန်ကုန်အသင်း၂၀၁၅ ခုနှစ်ချန်ပီယံရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဘော့စနီးယားကလပ် FK Sarajevo တွင် တစ်နှစ်ဝင်ရောက်ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်အသင်းသို့ ပြန်လည်ရောက်ရှိလာသည့်သူ တစ်ဦးဖြစ်သည်။ ထို့နောက် ဘရာဇီးကလပ်များတွင် နှစ်နှစ်ကြာယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ပြန်လည်ခြေစွမ်းပြကစားခဲ့ကာ ၁၁ ပွဲကစား၊ ၃ ဂိုး သွင်းယူခဲ့သူဖြစ်သည်။

ရန်ကုန်အသင်းသို့ တတိယအကြိမ်ရောက်ရှိလာခဲ့သည့် အီမာဆင်က ဝမ်းသာပီတိစကားကို ယခုလိုပဲပြောကြားခဲ့သည်။ “ရန်ကုန်အသင်းကိုပြန်လည်ရောက်ရှိလာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရန်ကုန်အသင်းအကြောင်းနဲ့ သမိုင်းကိုသိတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အသင်းအတွက် အကောင်းဆုံးပုံစံတွေနဲ့ ခြေစွမ်းပြကစားသွားပါမယ်။ ပရိသတ်တွေကိုပြောချင်တာက အသင်းအတွက် ကျွန်တော့်ဘက်က ပွဲတိုင်းကို သေချာယှဉ်ပြိုင်သွားပါမယ်။ ချန်ပီယံဆုအတွက် ရေကုန်ရေခမ်း အသင်းအတွက် ပေးဆပ်ယှဉ်ပြိုင်သွားပါမယ်။ ရန်ကုန်အသင်းဆိုတာက နှစ်တိုင်း ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်တဲ့အတွက် ဒီအသင်းနဲ့ပြန်လည်ဆုံဆည်းရတဲ့အခါမှာ အကောင်းဆုံးကြိုးစားပြီး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးသွားပါမယ်” ဟု ဆိုခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ၂၀၂၁ ရာသီအတွက် လူအင်အားထပ်မံ ဖြည့်နိုင်ရန်လုပ်ဆောင်လျက်ရှိပြီး မကြာမီရက်များအတွင်း ထုတ်ပြန်ကြေငြာ သွားမည်ဖြစ်သည်။