တစ်ပွဲချင်းစီကို အာရုံစိုက်ပြင်ဆင်နေသည် ဟု ရန်ကုန်အသင်းနောက်ခံလူ ထိုက်ထိုက်အောင် ပြောကြား

တစ်ပွဲချင်းစီကို အာရုံစိုက်ပြင်ဆင်နေသည် ဟု ရန်ကုန်အသင်းနောက်ခံလူ ထိုက်ထိုက်အောင် ပြောကြား

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ထိုက်ထိုက်အောင် က တစ်ပွဲချင်းစီကို အာရုံစိုက်ပြင်ဆင်နေသည် ဟု ဆောက်သမ်းမြန်မာအသင်းနှင့် ပွဲမတိုင်မီတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၃း၃၀နာရီ၊ သုဝဏ္ဏကွင်းတွင် ဆောက်သမ်းမြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ထိုက်ထိုက်အောင် က “နည်းပြ ညွှန်ကြားတဲ့အတိုင်းလိုက်နာပြီး ကွင်းထဲမှာအကောင်းဆုံး ကစားသွားပါမယ်။ တစ်ဖက်အသင်းကိုလည်း လေးလေးစားနဲ့ ယှဉ်ပြိုင်ပြီး ရမှတ်ပြည့်ရရှိအောင် ကြိုးစားသွားပါမယ်” ဟု ဆိုခဲ့သည်။

“လက်ရှိခြေစွမ်းကိုတော့ အားရမှုမရှိသေးပါဘူး။ အမှားတွေရှိပေမယ့် ဒီထက်နည်းအောင်၊ မမှားအောင် ကြိုးစားပြင်ဆင်နေပါတယ်။ ပွဲတိုင်းကို သေချာအားထည့်ပြီး ကစားသွားပါမယ်။ တစ်ဖက်အသင်းက ဘယ်လိုကစားသမားတွေနဲ့ ဖွဲ့စည်းထားပါစေ လေးလေးနက်နက်နဲ့ အသင်းတိုင်းကို ယှဉ်ပြိုင်သွားပါမယ်။” ဟု ရန်ကုန်အသင်း နောက်ခံလူ က ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက သန်းပိုင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

“ကျွန်တော်တို့အသင်းမှာ ကစားသမားတွေအများကြီးရှိတဲ့အတွက် ပြောင်းလဲပြင်ဆင်လို့ရပါတယ်။ ဒါ့အပြင် ပွဲထဲမှာလည်း ၅ ယောက်လဲလှယ်ခွင့်ရှိတဲ့အတွက် အလဲလှယ်နဲ့ကစားလို့ရပါတယ်။ ဒါကြောင့် ပွဲတိုင်းအတွက် အင်ပြည့်အားပြည့်ပါပဲ။ ပွဲပန်းတာမျိုးတော့မရှိပါဘူး။” ဟု ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ၄င်းက ဆိုသည်။

ဆက်လက်ပြီး ထိုက်ထိုက်အောင် က “ကျွန်တော်တို့ တစ်ပွဲချင်းစီအကောင်းဆုံးပြင်ဆင်နေပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်အောင် ကြိုးစားနေတဲ့အပြင် ကျွန်တော်တို့ကိုယ်တိုင်လည်း နိုင်လိုစိတ်ရှိတဲ့အတွက် ပွဲတိုင်းနိုင်အောင် ကစားသွားပါမယ်။” ဟု ထပ်မံ ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၂၆ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ဆောက်သမ်းမြန်မာအသင်းက ၁၂ ပွဲကစား၊ ၄ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၄ မှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်နေသည်။