ဂါနာကွင်းလယ် အဘူဘာကာ ကို ၁ ရာသီစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

ဂါနာကွင်းလယ် အဘူဘာကာ ကို ၁ ရာသီစာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

၂၀၂၄- ၂၀၂၅ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် တတိယမြောက်ပြည်ပကစားသမားခေါ်ယူမှုအဖြစ် ဂါနာနိုင်ငံသား ကွင်းလယ်လူ ယာကူဘူအဘူဘာကာ ကို ၁ ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိသည့် အဘူဘာကာ သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သည့် ဇေယျာရွှေမြေ၊ ဧရာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်တို့တွင်ကစားခဲ့သည့် ကစားသမားလည်းဖြစ်သည်။
ထို့နောက် မလေးရှားစူပါလိဂ်ကလပ် ဆရီပါဟန်း အသင်း၊ ဘာရိန်းကလပ် Hidd SCC အသင်းတို့တွင် ကစားခဲ့ပြီးနောက် ယခုမြန်မာနေရှင်နယ်လိဂ်သို့ တကျော့ပြန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်ယူခဲ့သည့်အပေါ် အဘူဘာကာ က “ကျွန်တော်အနေနဲ့ မြန်မာနေရှင်နယ်လိဂ်ကို ပြန်လည်ရောက်ရှိပြီးကစားရတဲ့အတွက် ပျော်ပါတယ်။ အရင်က ရန်ကုန်အသင်းနဲ့ရင်ဆိုင်ပြီး ကစားခဲ့ဖူးတဲ့အတွက် ရန်ကုန်ကအသင်းကောင်းတစ်သင်းဆိုတာကို ကျွန်တော်သိပါတယ်။ စုဖွဲ့မှုအားကောင်းတဲ့အပြင် ပံ့ပိုးမှုလည်းကောင်းတဲ့အသင်းဖြစ်ပါတယ်။ အသင်းအတွက် ကျွန်တော်အကောင်းဆုံးပေးဆပ်ကစားသွားပါမယ်” ဟု ဆိုခဲ့သည်။
“ကျွန်တော်က ရန်နိုင်ဦး နဲ့အတူ ဇေယျာရွှေမြေနဲ့ ရှမ်းယူနိုက်တက်အသင်းမှာကစားဖူးပါတယ်၊ ဒေးဗစ်ထန်းနဲ့လည်း ရှမ်းအသင်းမှာအတူကစားဖူးတဲ့အတွက် အသင်းမှာ အားလုံးနဲ့အတူတူ အချိတ်ဆက်မိမိကစားနိုင်ဖို့ယုံကြည်ချက်ရှိပါတယ်” ဟု အဘူဘာကာ က ထပ်လောင်း ပြောကြားခဲ့သည်။