ကွင်းလယ်ကစားသမားကျော်မင်းဦး ကို ယခုနှစ်ရာသီကုန်အထိ စာချုပ်ချုပ်ဆို

ကွင်းလယ်ကစားသမားကျော်မင်းဦး ကို ယခုနှစ်ရာသီကုန်အထိ စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ ဘောလုံးရာသီအတွက် ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ကွင်းလယ်ကစားသမားကျော်မင်းဦး ကို ယခုနှစ်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။
အရည်အချင်းရှိကစားသမားကောင်းများပေါ်ထွက်လာရေးအတွက်အစဉ်အမြဲရှာဖွေဖော်ထုတ်လျက်ရှိသောရန်ကုန်ယူနိုက်တက်အသင်းသည် ဒဏ်ရာကြောင့် မြက်ခင်းစိမ်းနှင့်ဝေးကွာခဲ့သည့် မြန်မာ့လက်ရွေးစင် နှင့်ရန်ကုန်ယူနိုက်တက် အသင်းကစားသမားဟောင်း ကျော်မင်းဦး၏ ကစားသမားဘဝကို ပြန်လည် မြေတောင်မြှောက်ပေးချင်သောကြောင့် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ခြင်း ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ကျော်မင်းဦးသည် မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဘောလုံးပညာကို လေ့လာသင်ကြားခဲ့သူဖြစ်သည်။ ၂၀၁၄ ခုနှစ်မှစတင်ကာ မြန်မာ နေရှင်နယ်လိဂ်ကလပ် အသင်းဖြစ်သည့် ဧရာဝတီယူနိုက်တက် အသင်းတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ နှစ်နှစ်ကြာကစားခဲ့ပြီး၂၀၁၅ ခုနှစ်တွင် ရှုံးထွက်ဖလားကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့် သူတစ်ဦးလည်းဖြစ်သည်။
လူငယ်ခြေတက်တစ်ယောက်ဖြစ်သည့် ကျော်မင်းဦးကို ရန်ကုန်အသင်းက ၂၀၁၆ ခုနှစ်တွင် သုံးနှစ်စာချုပ်ဖြင့်ခေါ်ဆိုခဲ့ပြီးအသင်းနှင့်အတူ ကွင်းဖွင့်ဖလား ၂ ကြိမ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုများကို သိမ်းပိုက်နိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
ပဲခူးတိုင်း၊ ညောင်ခြေထောက်ဇာတိဖြစ်သည့် ကျော်မင်းဦးသည် ၂၀၁၃ ခုနှစ်မှစတင်ကာသက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ခြေစွမ်းပြနိုင်သည့်လူငယ်ကစားသမားတစ်ယောက်ဖြစ်ခဲ့သည်။
ရန်ကုန်အသင်းကိုပြန်လည်ရောက်ရှိလာသည့်အတွက် ကျော်မင်းဦးက “ရန်ကုန်ယူနိုက်တက်အသင်းမှာပြန်လည် ကစားခွင့်ရတဲ့အတွက် အသင်းဥက္ကဌနဲ့အသင်းတာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အသင်းမှာ အရင်နှစ်တွေက တာဝန်မကျေခဲ့တာတွေအတွက် ပြန်ပြီးပေးဆပ်ချင်ပါတယ်။ အရင်ဒဏ်ရာကလည်း သက်သာလာပြီး ကိုယ်တိုင်ကလည်း အသင်းအတွက် ကစားပေးဖို့ရာခိုင်နှုန်းပြည့် ယုံကြည်မှုရှိနေပါတယ်။” ဟု တစ်ကျော့ပြန်လည် ရောက်ရှိလာသည့် ကျော်မင်းဦးက ဆိုခဲ့သည်။