ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်

ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ရှမ်းအသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ရှမ်းအသင်းအတွက် မက်ဆီမင်၊ နဒ္ဒကျော်၊ ကိသ် နှင့် ဇင်မင်းထွန်း တို့က သွင်းယူပေးခဲ့သည်။

ရန်ကုန်အသင်း ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး တိုက်စစ်နေရာတွင် အီမာနျုရယ် ပွဲထွက်ကစားစေခဲ့သည်။ ပွဲစပြီး မိနစ်အနည်းငယ်တွင် ရန်ကုန်အသင်း ဂိုးပေါက်ကန်သွင်းခွင့်များရရှိခဲ့ပြီး အီမာနျုရယ် နှင့် ကောင်းထက်စိုး တို့၏ ကန်သွင်းမှုများကို တစ်ဖက်ဂိုးသမား ကာကွယ်ထားနိုင်ခဲ့သည်။ ပွဲချိန် ၁၇ မိနစ်တွင် ကောင်းထက်စိုး လမ်းကြောင်းချပေးသည့် ဘောလုံးကို ကြည်လင်း ညာခြမ်းမှ ဂိုးရှေ့ကန်တင်ပေးခဲ့သော်လည်း တစ်ဖက်နောက်တန်း ဖြတ်ထုတ်ထားနိုင်ခဲ့သဖြင့် ဂိုးရခွင့်နစ်နာခဲ့သည်။ ရှမ်းအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၂၄ မိနစ်တွင် မက်ဆီမင် နှင့် ၃၇ မိနစ်တွင် နဒ္ဒကျော်တို့က သွင်းယူပေးခဲ့သည်။ အနည်းငယ် ဒဏ်ရာရရှိသွားသည့် မောင်မောင်လွင် နေရာတွင် အောင်ကျော်နိုင်၊ ဇာနည်ထက်နေရာတွင် သူရိန်စိုးတို့ ဖြင့် အပြောင်းအလဲပြုလုပ်ခဲ့သည်။ ပထမပိုင်းပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက်အသင်း က ရန်ကုန်ယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း စပြီး ၁၀ မိနစ်အကြာတွင် ရှမ်းအသင်း ပင်နယ်တီ ရရှိခဲ့ပြီး ကိသ် က သွင်းယူခဲ့သည်။ ၆၁ မိနစ်တွင် ကြည်လင်း လမ်းကြောင်းချ ပေးရာမှ ဘယ်ခြမ်းက လိုက်ပါလာသည့် အီမာနျုရယ် ကန်ဖို့ကြိုးစားရာ ဂိုးသမား ပုတ်ထုတ်ခဲ့သည်။ ချေပဂိုးရရှိရေးအတွက် ရန်ကုန်အသင်း ဆက်တိုက် ကြိုးစားခဲ့ပြီး ၇၃ မိနစ်တွင် ထိုက်ထိုက်အောင် ညာခြမ်းက ကန်တင်ပေးသည်ကို ဘာဖို ခေါင်းတိုက်ရန်ကြိုးစားသော်လည်း လွဲချော်ခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် ညာခြမ်းကပေးပို့သည့် ဘောလုံးကို ဇင်မင်းထွန်း အနီးကပ် ကန်သွင်းယူနိုင်ခဲ့ပြီး ရှမ်းအသင်း ဂိုးထပ်မံ ရရှိခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် ကောင်းထက်စိုး အစား ဇင်မင်းထွန်း၊ မင်းကျော်ခန့် အစား သိန်းသန်းဝင်း ဝင်ရောက် ကစားခဲ့သည်။ လက်ကျန်မိနစ်များတွင် သိန်းသန်းဝင်း နှင့် အဘူဘာကာ တို့၏ ဂိုးရှေ့မတင်ပေးမှုကို ဘာဖို ပိတ်သွင်းရန်ကြိုးစားသော်လည်း အဆုံးသတ်အားနည်းပြီး ချေပဂိုးရခွင့် နစ်နာခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ၄-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “ဒီနေ့ပွဲမှာ ကစားသမားတွေကြိုးစားပြီး ကစားခဲ့ပေမယ့် ရလဒ်ကတော့ စိတ်ကျေနပ်မှုမရှိပါဘူး။ ကျွန်တော်ရော ကစားသမားတွေရော ဒီထက်ပိုပြီး အလုပ်လုပ်ရဦးမယ်၊ ကြိုးစားရပါဦးမယ်။” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ပွဲယှဉ်ပြိုင်ပြီးချိန်တွင် ၁၄ ပွဲကစား၊ ၉ ပွဲနိုင်၊ ၂ ပွဲသ‌ရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်နှင့် အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး လာမည့် စက်တင်ဘာ ၁၉ ရက်နေ့၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။