MNL League Cup အဖွင့်ပွဲစဥ်တွင် ရွှေပြည်သာယူနိုက်တက်အသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

MNL League Cup အဖွင့်ပွဲစဥ်တွင် ရွှေပြည်သာယူနိုက်တက်အသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိ

MNL League Cup 2024 အုပ်စု(က)မှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့၏ ပွဲစဥ်ကို ယနေ့ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၇-၀ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ဂျီဒီအွန်တပ်တက် မှ ၂ ဂိုး၊ လမင်းထွေး မှ ၂ ဂိုး၊ ဂူရိုယာယာ၊ ဆန်နိုဂိုနှင့် သာယာဝင်းထက်တို့မှ တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် နည်းပြချုပ် ဖရန့်ဘန်ဟက်၏ ဦးဆောင်မှုနှင့်အတူ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး အသစ်ခေါ်ယူထားသည့် ပြည်ပကစားသမား ၄ ဦးအပါအဝင် ဝေလင်းအောင်နှင့် ညီညီအောင် တို့ ပွဲထွက်စာရင်းတွင် ပါဝင်လာခဲ့သည်။ ဦးဆောင်ဂိုးကို ပွဲချိန် ၁၀ မိနစ်တွင် ဂျီဒီအွန်တပ်တက် က သွင်းယူခဲ့ပြီး ၁၀ မိနစ်အကြာတွင် ဝေလင်းအောင်၏ ဖြတ်တင်ပေးပို့မှုမှတဆင့် ဂျီဒီအွန်တပ်တက် က ဒုတိယ ဦးဆောင်ဂိုးထပ်မံ သွင်းယူခဲ့သည်။ ပွဲချိန် မိနစ် ၃၀ တွင် နောက်ခံလူ ဂူရီယိုယာယာ က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ တတိယဂိုးသွင်းယူပေးခဲ့သလို ၄၂ မိနစ်တွင် ညီညီအောင် ၏ ပေးပို့မှုမှတဆင့် ဆန်နိုဂို က စတုတ္ထဂိုး သွင်းယူခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ၄-၀ ဂိုးဖြင့် ရွှေပြည်သာယူနိုက်တက်အသင်းကို ဦးဆောင် နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းစပြီး မိနစ်အနည်းငယ်အကြာတွင် ညီညီအောင်၊ ဆန်နိုဂို၊ ဝေလင်းအောင် တို့နေရာတွင် ဥက္ကာနိုင်၊ လမင်းထွေး၊ လှိုင်းဘိုဘို တို့ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ပဥ္စမဂိုးရရှိခဲ့ပြီး ဂျီဒီအွန်တပ်တက်၏ အလိုက်သင့်ချထားပေးမှုကနေ လမင်းထွေး က သွင်းယူခဲ့သလို ပွဲချိန် ၇၅ မိနစ်တွင်လည်း လမင်းထွေး က ဆဌမဂိုးကို သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၇၈ မိနစ်တွင် ဝင်ရောက်လာသည့် သာယာဝင်းထက် က ဇော်ဝင်းသိန်း၏ ပေးပို့မှုမှတဆင့် ဂိုးသမားညာဘက်ထောင့်သို့ သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၇-၀ ဂိုးဖြင့် ရွှေပြည်သာယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဖရန့်ဘန်ဟက် က “ကျွန်တော်တို့အတွက် ပထမဆုံးပွဲဖြစ်ပါတယ်။ ပထမပိုင်းမှာလည်း ကောင်းခဲ့တယ်၊ ဒီအတွက်လည်း ကျေနပ်ပါတယ်။ ဒုတိယပိုင်းမှာ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးတွေရခဲ့တယ်၊ ဘောလုံးအသာစီးသိပ် မရခဲ့ပေမယ့် ကျွန်တော်တို့ ကစားပွဲကောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် MNL League Cup 2024 အုပ်စု(က) ပထမပွဲစဥ် ယှဥ်ပြိုင်ကစားပြီးချိန်တွင် ရမှတ် ၃ မှတ် ဂိုးကွာခြားချက်ဖြင့် အုပ်စုကို ဦးဆောင်ထားနိုင်ခဲ့ပြီး မတ်လ ၅ ရက်တွင် တက္ကသိုလ်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။