ဧရာဝတီယူနိုက်တက်ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဧရာဝတီယူနိုက်တက်ကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၈ အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ YUSC ကွင်း တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄ – ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကို ဆီလာ မှ ၂ ဂိုး ၊ ဇော်ဝင်းသိန်း နှင့် ဒေးဗစ်ထန်း တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြသည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစ ၈ မိနစ်တွင် ဂိုးပေါက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဒေးဗစ်ထန်း၏ ဖြတ်တင်ပေးပို့မှုမှတဆင့် ဆီလာက ခေါင်းတိုက်သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၃၆ မိနစ်တွင် ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ရန်နိုင်ဦး နှင့် ဇော်ဝင်းသိန်း တို့ တွဲလုံးမှ တဆင့် ဇော်ဝင်းသိန်း က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ပထမပိုင်းပွဲချိန်အပြီး နာကျင်အချိန်ပိုတွင်လည်း ဂိုးကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဆီလာ လွဲချော်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်အပြီး ၂၅ စက္ကန့်အကြာတွင် ဆီလာ က ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယ ဂိုးကို သွင်းယူခဲ့ပြီး ဇော်ဝင်းသိန်း ၏ ဖြတ်တင်ပေးပို့မှုမှတဆင့် ဆယ်လာ ခေါင်းတိုက်သွင်းယူခဲ့သည်။ ပွဲချိန် ၅၉ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်း ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး လှိုင်းဘိုဘို ဘောလုံးထိန်းသိမ်းပုံ မသေသပ်ရာမှ တဆင့် ဧရာဝတီယူနိုက်တက် အသင်း ခေါင်းဆောင် အောင်နိုင်ဝင်း က သွင်းယူခဲ့သည်။ ချေပဂိုး ရရှိပြီးနောက်ပိုင်း ဧရာဝတီယူနိုက်တက်အသင်းအနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို မာမာထန်ထန် တုံပြန်ကစားခဲ့သော်လည်း ပွဲချိန် မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပို ၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း စတုတ္ထဂိုး ထပ်မံရရှိခဲ့သည်။ အဆိုပါ သွင်းဂိုးကို အသင်းခေါင်းဆောင် ဒေးဗစ်ထန်း က သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ရလဒ်အတွက် ကျေနပ်ပါတယ်၊ ပွဲက ပွဲကောင်းတစ်ပွဲပါ၊ ပိတ်ဆို့ကစားတဲ့ ကြားထဲက ကျွန်တော့်ကစားသမားတွေ စိတ်ရှည်ရှည်နဲ့ ကစားနိုင်ခဲ့ပါတယ်၊ အနိုင်ရလဒ်အပေါ် ဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၇ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၂၁ မှတ်ရရှိထားသည်။