အသင်းသစ်နှင့်အတူ ပထမဦးဆုံးပွဲထွက်ရမည်ဖြစ်သည့်အတွက် ရင်ခုန်သည် ဟု ရန်နိုင်ဦး ဆို

အသင်းသစ်နှင့်အတူ ပထမဦးဆုံးပွဲထွက်ရမည်ဖြစ်သည့်အတွက် ရင်ခုန်သည် ဟု ရန်နိုင်ဦး ဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး က အသင်းသစ်နှင့်အတူ ပထမဦးဆုံးပွဲစဉ်တွင် ပွဲထွက်ရမည်ဖြစ်သည့်အတွက် ရင်ခုန်သည် ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ် ပထမဦးဆုံးပွဲစဉ်အဖြစ် လာမည့် သြဂုတ်လ ၂၂ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရန်နိုင်ဦး က “ပထမဦးဆုံးပြန်လည်ကစားရမယ့် ပွဲမှာ အနိုင်သုံးမှတ်ရရှိအောင် အကောင်းဆုံးခြေစွမ်းပြ ယှဉ်ပြိုင်သွားပါမယ်။ နည်းပြတွေကလည်း သေချာလေ့ကျင့်ပေးထားတာဖြစ်တဲ့အတွက် ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။” ဟု မကွေးအသင်းနှင့် ပွဲအတွက် ပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။

မတ်လ ၂၄ ရက်နေ့မှစတင်ကာ ပွဲစဉ်များကို ရပ်နားထားခဲ့ပြီး ယခုပြန်လည်ကျင်းပချိန်တွင် ခြေစွမ်းနှင့် ပတ်သက်ပြီး မစိုးရိမ်မိကြောင်းကို ရန်နိုင်ဦး က “ပွဲတွေနဲ့ ဝေးနေပေမယ့် ခြေစွမ်းပတ်သက်ပြီး စိုးရိမ်တာမရှိပါဘူး။ တောက်လျှောက်လည်း လေ့ကျင့်ရေးတွေလုပ်နေတာဖြစ်တဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ယုံကြည်မှုရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်နိုင်ဦး က “မကွေးအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့အပြင် အသင်းနဲ့အတူ အံ့ဝင်အောင်ကစားတတ်တဲ့ လူငယ်ကစားသမားတွေ လက်ရွေးစင်ကစားသမားတွေ ပါပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် 7 ပွဲကစား၊ 4 ပွဲနိုင်၊ 2 ပွဲသရေ၊ 1 ပွဲရှုံး နှင့် ရမှတ် ၁၄ မှတ်ရရှိထားပြီး အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး မကွေးအသင်းက ၇ ပွဲကစား၊ ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၆မှတ်နှင့် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိသည်။

“ရန်ကုန်ယူနိုက်တက်အသင်းပရိသတ်တွေလည်း ကွင်းထဲထိလာရောက်အားပေးလို့မရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမယ့် ရုပ်သံလိုင်း တွေကနေ အားပေးကြပါ။ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားကစားသွားပါမယ်။” ဟု ရန်နိုင်ဦး က ပရိသတ်များအားပေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။