အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟု သာယာဝင်းထက်ပြောကြား

အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟု သာယာဝင်းထက်ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမား သာယာဝင်းထက် က မဟာယူနိုက်တက် အသင်းနှင့်ပွဲ အတွက် အကောင်းဆုံးပုံစံနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မဟာယူနိုက်တက်အသင်းနှင့် မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ရွှေ့ဆိုင်းထားခဲ့ သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၁၆ ကိုယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။
“ထရိန်နင်မှာ နည်းပြပြောတဲ့အတိုင်း သေချာလိုက်လုပ်ပြီး လာမယ့် မဟာယူနိုက်တက် အသင်းနဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားပါတယ်။ နည်းပြကသုံးတဲ့အချိန်မှာ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုပိုပြီးယုံကြည်မှုရှိလာပါတယ်။ ပိုပြီးတော့လည်း ကစားရဲလာတဲ့အပြင် အသင်းက စီနီယာအကိုတွေကိုလည်း ရှိန်မနေဘဲ သူတို့နဲ့ အချိတ်ဆက်မိမိ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ပွဲမှာလည်း ဒီထက်ပိုကောင်းအောင် ကြိုးစားသွားပါမယ်” ဟု ပြီးခဲ့သည့် ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကွင်းလယ် သာယာဝင်းထက် က ဆိုသည်။
မဟာယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့ပြီး တစ်ဖက်အသင်းနှင့်ပတ်သက်၍ ၎င်း က ယခုလိုပြောကြားခဲ့သည်။
“မဟာကလည်း အသင်းကောင်းတစ်သင်းပါ။ သူတို့ကစားတဲ့ပွဲတွေကိုလည်း ကြည့်ဖြစ်ပါတယ်။ ပေါ့ပြီးကန်လို့မရတဲ့အသင်းထဲမှာ ပါပါတယ်။ ပြိုင်ဘက်အသင်းကို လျော့မတွက်ဘဲ အနိုင်ရရှိရေးအတွက် ယှဉ်ပြိုင်သွားပါမယ်။
“မနက်ဖြန် မဟာအသင်းနဲ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပိတ်ရက်ဖြစ်တဲ့တနင်္ဂနွေနေ့မှာ ဘောလုံးပွဲကောင်းတစ်ပွဲကိုကြည့်ရင်းနဲ့ အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်” ဟု ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၀ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၅၀ နှင့်အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက် အသင်းသည် ၂၀ ပွဲကစား၊ ၆ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နှင့် အဆင့် ၉ နေရာတွင်ရပ်တည်နေသည်။