အကောင်းဆုံးပုံစံနှင့်ယှဉ်ပြိုင်ရန်အသင့်ဖြစ်နေသည်ဟု ကောင်းထက်စိုးပြောကြား

အကောင်းဆုံးပုံစံနှင့်ယှဉ်ပြိုင်ရန်အသင့်ဖြစ်နေသည်ဟု ကောင်းထက်စိုးပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းညာတောင်ပံကစားသမား ကောင်းထက်စိုး က လာမည့် မဟာယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်တွင် အကောင်းဆုံးပုံစံနှင့်ယှဉ်ပြိုင်သွားရန်အဆင်သင့်ဖြစ်နေသည်ဟု ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ (week-6) ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့သည် မေလ ၂၆ ရက်၊ ညနေ ၃း၄၅ နာရီအချိန်၊ Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
“တစ်လကျော်နားပြီးတဲ့နောက်မှာ ပြန်လည်စတင်ချိန်မှာတော့ အရင်ကထက် ပိုကောင်းအောင် သေချာလေ့ကျင့်ပြင်ဆင်ထားကြပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ အရင်ကထက်ပိုကောင်းအောင် ကြိုးစားနေပါတယ်။ မဟာအသင်းကတော့ အသင်းလိုက်ဖွဲ့စည်းမှု အားကောင်းတဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က သေချာပြင်ဆင်ထားတာဖြစ်တဲ့အတွက် တစ်ဖက်အသင်းအသင်းကို သေချာယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။” ကောင်းထက်စိုး က ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “ပွဲကိုကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးကြမယ့် ပရိသတ်တွေရော လိုင်းပေါ်ကနေ ကြည့်ရှုအားပေးနေကြမယ့် ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ပွဲတိုင်းကိုအားပေးကြဖို့လည်း ဖိတ်ခေါ်ချင် ပါတယ်။ အခုချိန်ထိအားပေးနေကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်း ကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ပရိသတ်များကို ကျေးဇူးတင်စကား ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၅ ပွဲယှဉ်ပြိုင်ကစားထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက်အသင်းသည် ၅ ပွဲကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၈ မှတ်နှင့် အဆင့် ၅ နေရာတွင်ရပ်တည်နေသည်။