အကောင်းဆုံးပုံစံနှင့်ပြိုင်ဖက်အသင်းကိုတုံ့ပြန်ကစားသွားမည်ဟု ကောင်းထက်စိုး ဆို

အကောင်းဆုံးပုံစံနှင့်ပြိုင်ဖက်အသင်းကိုတုံ့ပြန်ကစားသွားမည်ဟု ကောင်းထက်စိုး ဆို

ရန်ကုန်ယူနိုက်တက်အသင်းညာတောင်ပံကစားသမား ကောင်းထက်စိုးက လာမည့် GFA ပွဲအတွက် အကောင်းဆုံးပုံစံနှင့် ပြိုင်ဖက်အသင်းကို တုံ့ပြန်ကစားသွားမည်ဟုဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၄း၀၀ နာရီအချိန်၊ သုဝဏ္ဏကွင်းတွင် GFA အသင်းနှင့်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။
“အသင်းကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာအသင်းအတွက် အများကြီးလုပ်ပြနိုင်မယ်လို့လည်း မျှော်လင့်ထားတယ်။ ချန်ပီယံဖြစ်ဖို့အတွက်လည်း ခေါင်းထဲအမြဲတွေးပြီး အသင်းနဲ့အတူသေချာလေး လိုက်လုပ်ဖြစ်တယ်။” ဟု အသင်းသို့ တကျော့ပြန်လည်ရောက်ရှိလာသည့် ကောင်းထက်စိုးက ဆိုသည်။
ရန်ကုန်အသင်းနှင့် GFA အသင်းတို့၏ ရာသီကြိုခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက ၂-၁ ဂိုးဖြင့်အနိုင်ရရှိထားခဲ့ပြီး ပြိုင်ဖက်အသင်းနှင့် ပတ်သတ်၍ ကောင်းထက်စိုး က ယခုလိုမှတ်ချက်ပြုစကားဆိုခဲ့သည်။
“ပြိုင်ဖက်အသင်းမှာလည်း နိုင်ငံခြားသားကစားသမားတွေအပြင် လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ အတော်လေး ကောင်းတဲ့အသင်းလည်းဖြစ်ပါတယ်။ သူတို့ကလည်း အထင်သေးပြီး ကစားလို့မရတဲ့ အထဲမှာပါတယ်။ ဒါကြောင့် အကောင်းဆုံးပုံစံနဲ့ပြိုင်ဖက် အသင်းကိုတုံ့ပြန်ကစားသွားပါမယ်။”
ဆက်လက်ပြီး “ပွဲဦးထွက်မှာအနိုင်သုံးမှတ်ရအောင် ပရိသတ်တွေကျေနပ်မှုရှိအောင် အကောင်းဆုံးကစား သွားပါမယ်၊ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ဆက်ဆက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု ၎င်းကဆိုခဲ့သည်။