အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်သွားနိုင်အောင်သေချာပြင်ဆင်နေသည်ဟု ဒေးဗစ်ထန်း ဆို

အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်သွားနိုင်အောင်သေချာပြင်ဆင်နေသည်ဟု ဒေးဗစ်ထန်း ဆို

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဒေးဗစ်ထန်း က အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်သွားနိုင်အောင်သေချာပြင်ဆင်နေသည် ဟု ကချင်ယူနိုက်တက် အသင်းနှင့်ပွဲမတိုင်မီတွင်ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် မတ်လ ၆ ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ကချင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဒေးဗစ်ထန်း က “သူတို့အသင်းနဲ့က ရာသီကြိုခြေစမ်းပွဲလည်း ကစားဖူးထားပါတယ်။ အဲ့ဒီတုန်းကတော့ အသင်းအားလုံးက ကြိုတင်ပြင်ဆင်နေတဲ့အချိန် အသင်းကစားကွက်တည်နေတဲ့အချိန်ဖြစ်ပါတယ်။ အခုပြိုင်ပွဲကာလမှာ သူတို့အသင်းရဲ့ပွဲတွေကိုလေ့လာဖြစ်ပါတယ်။ တော်တော်လေးလည်း မာတဲ့အသင်းဖြစ်တဲ့အပြင် တကယ်လည်းကောင်းပါတယ်။” ဟု တစ်ဖက်အသင်းအပေါ် သုံးသပ်ပြောကြားခဲ့သည်။
အသင်း၏ လက်ရှိခြေစွမ်းနှင့်ပတ်သတ်၍ “နှစ်ပွဲကစားပြီးတဲ့အချိန်မှာ အားလုံးကပိုပြီးယုံကြည်မှုပိုရှိလာတယ်။ တစ်ပွဲချင်းစီမှာရတဲ့အမှတ်တွေက ခွန်အားတစ်ခုဖြစ်စေပါတယ်။ ယုံကြည်မှုလည်းပိုပိုပြီးတိုးလာတယ်။ ဒါပေမယ့် မပေါ့ဆဘဲနဲ့ တစ်ဆင့်ချင်းစီ သွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။” ဟု ဆိုသည်။
“သူတို့အသင်းကလက်ရှိမှာဇယားအောက်ခြေမှာရှိနေပေမယ့် အထင်သေးလို့မရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဇယားအောက်ခြေမှာရောက်နေပေမယ့် တကယ်ကောင်းတဲ့အသင်းပါ။ ဒါကြောင့်လာမယ့်ပွဲကလည်း ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်တဲ့အတွက် ဆက်လက်အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ အကောင်းဆုံးကြိုးစားနေပါတယ်” ဟု ဆိုခဲ့သည်။