လာမယ့်ပွဲအတွက် အကောင်းဆုံးနှင့် ရလဒ်ကောင်းတစ်ခုရရှိရန် ပြင်ဆင်ထားသည် ဟု ဒေးဗစ်ထန်း ဆို

လာမယ့်ပွဲအတွက် အကောင်းဆုံးနှင့် ရလဒ်ကောင်းတစ်ခုရရှိရန် ပြင်ဆင်ထားသည် ဟု ဒေးဗစ်ထန်း ဆို

ရန်ကုန်ယူနိုက်တက်အသင်း အသင်းခေါင်းဆောင် ဒေးဗစ်ထန်း က လာမယ့်ပွဲအတွက်အကောင်းဆုံးနှင့် ရလဒ်ကောင်းတစ်ခုရရှိရန် ပြင်ဆင်ထားသည် ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ဒေးဗစ်ထန်း က “လက်ရှိကစားသမားတွေနဲ့နည်းပြတွေနဲ့အတူ အကောင်းဆုံးဖြစ်ဖို့နဲ့ ရလဒ်ကောင်းတစ်ခုရဖို့ပြင်ဆင်ထားပါတယ်။ တစ်ဖက်အသင်းကလည်း ချန်ပီယံဖြစ်သွားပြီဆိုတော့ သူတို့အတွက်လည်း ဂုဏ်ယူပါတယ်။ လာမယ့်ပွဲမှာတော့ လေးလေးစားစားနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပွဲရောက်တဲ့အခါမှာ ပြင်ဆင်ထားခဲ့တဲ့ နည်းဗျုဟာတွေကို အပြည့်အဝအသုံးချပြီး ယှဉ်ပြိုင်ကစားမှာဖြစ်တဲ့အတွက် ပွဲကောင်းတစ်ပွဲဖြစ်လာဖို့မျှော်လင့်ပါတယ်။” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။
“အခုအသင်းမှာကျန်းမာရေးမကောင်းတဲ့ကစားသမားတွေရှိတယ်။ ပြန်နလန်ထူဖို့ဆိုတာ အချိန်ပေးရတဲ့အတွက် ပြင်ဆင်မှုပိုင်းမှာ အနည်းငယ် အားနည်းမှုတွေရှိပါတယ်။ အဲ့ဒီအတွက် လက်ရှိကစားသမားတွေကိုတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ ပြိုင်ပွဲအပေါ်ကိုအာရုံစိုက်ဖို့ ပြောထားတာတွေ ရှိပါတယ်။ အဲဒါကြောင့် သိပ်ပြီး အခက်အခဲမရှိလောက်ဘူးလို့ထင်ပါတယ်။”
ဆက်လက်ပြီး ဒေးဗစ်ထန်း က “အားပေးကြပါ။ စိတ်မပျက်ကြပါနဲ့။ ဘောလုံးဆိုတာ အရာရာပြောင်းလဲ နေပါတယ်။ အဲ့ဒီအတွက် လာမယ့်ပွဲမှာ ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေပေးနိုင်ဖို့ ကစားပေး သွားပါမယ်။” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၁ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၅၀ နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၁၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၅၉ မှတ်ဖြင့် အဆင့် ၁ နေရာတွင်ရပ်တည်နေသည်။