ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်

ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်

မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၂၂ အဖြစ် ယနေ့ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့သည် ရှမ်းယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ ပွဲစဥ်တွင် ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး အသင်း၏ ပွဲထွက် စာရင်းတွင် ပြည်တွင်းကစားသမားအစုအဖွဲ့ဖြင့် လူငယ်ကစားသမားအများစု ပါဝင်လာခဲ့သည်။ ပွဲချိန် ၁၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ရှမ်းယူနိုက်တက်အသင်း ဂိုးပေါက်ကို စတင်ခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် လမင်းထွေး ၏ ပေးပို့မှုမှတဆင့် ဒေးဗစ်ထန်း ဂိုးကန်သွင်းခဲ့သော်လည်း ရှမ်းယူနိုက်တက် အသင်း ဂိုးသမား ‌ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ပွဲချိန်မိနစ် ၃၀ တွင် ရန်နိုင်ဦး ၏ ချထားပေးမှု ကနေ သာယာဝင်းထက် ဂိုးကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၄၅ မိနစ်ပြည့်အပြီး အချိန်ပို ၁ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ မက်ဆာကီနှင့် ဘယ်လို တို့ အချိတ်အဆက်ဖြင့် ဂိုး‌ပေါက် ခြိမ်းခြောက်ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းနှင့် ဂိုးသမား ဘုန်းသစ္စာမင်း တို့ ဟန့်တားနိုင် ခဲ့သည့်အတွက် ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ရှမ်းယူနိုက်တက်အသင်းကို တိုက်စစ်ဆင်မှုများ ထပ်မံ ပြုလုပ်ခဲ့ပြီး ပွဲချိန်မိနစ် ၅၀ တွင် ဟိန်းဇေယျာလင်း အလွတ်တည်ကန်ချက် ကောင်းခဲ့သော်လည်း ဂိုးပေါက်နှင့် အနည်းငယ်ကပ် လွဲချော်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း အခွင့်အရေးရခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း ‌နောက်တန်း နှင့် ဂိုးသမား ဘုန်းသစ္စာမင်း တို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံး တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးမရရှိခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က “တကယ်ကောင်းတဲ့ပြိုင်ဘက်အသင်းကို ပထမပိုင်းမှာတင်မကပါဘူး ကစားသမားတွေအကောင်းဆုံးကစားခဲ့ကြပါတယ်။ အခွင့်အရေးတွေလည်းဖန်းတီးနိုင်ခဲ့တယ်။ ဂိုးတွေရခဲ့သင့်ပေမယ့် မသွင်းနိုင်ခဲ့ပါဘူး။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်အားလုံး ပြီးဆုံးချိန်တွင် ၁၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံး ရမှတ် ၅၁ မှတ် ဖြင့် ဒုတိယဆု ကို ရရှိခဲ့သည်။