ရန်ကုန်ယူနိုက်တက်အသင်းနှင့် Glory Sport တို့ ၂၀၂၄-၂၀၂၅ ခုနှစ် ဘောလုံးရာသီအတွက် Kit Sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Glory Sport တို့ ၂၀၂၄-၂၀၂၅ ခုနှစ် ဘောလုံးရာသီအတွက် Kit Sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Glory တို့၏ ၂၀၂၄-၂၀၂၅ ခုနှစ်ဘောလုံးရာသီအတွက် Kit Sponsorship စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး နှင့် အသင်းတာဝန် ရှိသူများ၊ ကစားသမားများ၊ Sports Lover Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးဦး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Sports Lover Co.,Ltd မှ မန်းနေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးဦး က Kit Sponsor ပေးခြင်းနှင့်ပတ်သက်၍ “Glory Sport ကတော့ Sports Lover Co.,Ltd ကထုတ်ထားတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကို Glory Sport အနေနဲ့ Kit Sponsor ပေးမှာဖြစ်ပါတယ်။ အခုလည်း Kit Sponsor အနေနဲ့ Glory Sport ကနေ ကိုယ်ပိုင်ဒီဇိုင်း ထုတ်လုပ်ပြီးပေးမှာဖြစ်တဲ့အပြင် အခုလိုမျိုးအစဉ်လာကြီးမားတဲ့ ရန်ကုန်ယူနိုက်တက်ကို စပွန်ဆာပေးရတဲ့အတွက် တော်တော်လေးဂုဏ်ယူပါတယ်။ Sports Lover Co.,Ltd နဲ့ Glory Sport ကို ဒီအခွင့်အရေးပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ကရန်ကုန်သား၊ ရန်ကုန်မှာပဲမွေးတယ်၊ ရန်ကုန်မှာပဲကြီးတယ်၊ ရန်ကုန်ဖန်တစ်ယောက် အနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို Kit Sponsor ပေးရတာတော်တော်လေးကို ဂုဏ်ယူပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့ ၂၀၂၄-၂၀၂၅ အတွင်းမှာ ရန်ကုန်ယူနိုက်တက်နဲ့ ပတ်သက်တဲ့ Sportswear တွေ ဂျာစီတွေကို အဆင့်အတန်းမီမီနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့လည်း ဒီထက်ပိုပြီးအောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။” ဟု ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က “ကျွန်တော်တို့ ရန်ကုန်ယူနိုက် တက်အသင်းက အကြီးအသင်း၊ အငယ်အသင်း၊ အမျိုးသမီးအသင်းစတဲ့အသင်းအားလုံးအတွက် ဂျာစီကစပြီး အခြား Kit နဲ့ပတ်သက်တဲ့အရာတွေကိုပြည့်စုံအောင်ဖြည့်ဆည်းပေးတာကြောင့် Glory Sport နဲ့အတူ စကားပြောပြီးတဲ့အချိန်မှာ သူတို့သွားနေတဲ့ပုံစံတွေကိုနှစ်သက်တဲ့အပြင် အသင်းအတွက် Kit နဲ့ပတ်သက်ပြီး လိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုချက်တွေကို လိုက်လျောဖြည့်ဆည်းပေးတဲ့ Glory Sport တာဝန်ရှိသူအဖွဲ့သားတွေ ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ရန်ကုန်ယူနိုက်တက်အသင်း က Kit Sponsor နဲ့ပတ်သက်ရင် ဂျာစီဒီဇိုင်းပုံစံကအစ သေချာလေး နှစ်စဉ် customized လုပ်ပြီး ပရော်ဖက်ရှင်နယ်အသင်းပုံစံအတိုင်း သွားတာဖြစ်တဲ့အတွက် အပြည့်အဝ အကောင်အထည်ဖော်ပေးတဲ့ Glory Sport ကို အသင်းဥက္ကဌကိုယ်စား အသင်းကိုယ်စား အထူးပဲကျေးဇူးတင်ရှိကြောင်းထပ်လောင်းပြောကြားလိုပါတယ်။” ဟု ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အပြန်အလှန်စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ကစားသမားစုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။