မြန်မာ့လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းမှ ဝေလင်းအောင် ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းမှ ဝေလင်းအောင် ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

လာမည့်ဘောလုံးရာသီအတွက် ဒုတိယမြောက်အားဖြည့်မှုအဖြစ် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင် ကို တစ်ရာသီစာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီ ဖြစ်သည်။
လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ဝေလင်းအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)တွင် ဘောလုံးပညာကိုလေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင်စတင်ကစားခဲ့သည်။ ထိုအသင်းနှင့်အတူ ယူ-၂၀၊ ယူ-၂၁ စသည့် လူငယ်အသင်းတွင်ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်-၂ တွင်သို့ တက်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် သို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။
ခြေစွမ်းကောင်းပြသနေသည့် ဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်တွင် ဒဂုံစတားယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်ဆက်ကစားပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့ဇာတိဖြစ်သည့် ဝေလင်းအောင် သည် ၂၀၂၂ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်းရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည်။
ဝေလင်းအောင် က “ရန်ကုန်ယူနိုက်တက်အသင်းလို အသင်းကြီးမျိုးကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အရင်ကတည်းကလည်း ရန်ကုန်အသင်းမှာ ကစားချင်ခဲ့တာပါ။ အသင်းနဲ့အတူလည်း အောင်မြင်မှုတွေယူချင်ပါတယ်” ဟု ဝမ်းသာပီတိစကားဆိုခဲ့သည်။