မြက်ခင်းစိမ်းပေါ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ငွေခေတ်ကစားသမားကြီး ဂိုး အောင်ကျော်ကျော်

မြက်ခင်းစိမ်းပေါ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ငွေခေတ်ကစားသမားကြီး ဂိုး အောင်ကျော်ကျော်

မြန်မာ့ဘောလုံးသမိုင်းရဲ့ ငွေခေတ်မှာ အထင်ကရ ကစားသမားကြီး တစ်ဦးဖြစ်ခဲ့တဲ့ ဂိုး အောင်ကျော်ကျော် ကတော့ ၂ နှစ်ကြာ မြက်ခင်းစိမ်းနဲ့ ဝေးကွာခဲ့ပြီးနောက် ယခုအခါ ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ ကွင်းအတွင်း ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
များပြားလှတဲ့အတွေ့အကြုံတွေ အသိပညာတွေနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေနဲ့အတူ အရည်အသွေးရှိတဲ့ ကစားသမားတွေကို အမြင့်ဆုံးပျံသန်းဖို့ အတောင်ပံတပ်ပေးမယ့် လက်တစ်စုံကတော့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့အတူ ရှိနေပြီဖြစ်ပါတယ်….
၁၉၉၃ ဆီးဂိမ်း ဆီမီးဖိုင်နယ်မှာ အိမ်ရှင် စင်္ကာပူအသင်းရဲ့ ပင်နယ်တီကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့လို့ မြန်မာဘောလုံးအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက် သူ့ရဲ့ လက်စွမ်းပြ ကာကွယ်မှု တွေကြောင့် မြန်မာပရိသတ်တွေကြား ဂိုးအောင်ကျော်ကျော် ရယ်လို့ လူသိများခဲ့သူတစ်ဦးဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ တောက်လျှောက်လက်စွမ်းပြပါဝင်ကစားခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်မှာတော့ မြန်မာ့လက်ရွေးစင်ဂိုးသမားဘဝက အနားယူခဲ့ပြီး မိခင်အသင်းဖြစ်တဲ့ ဘဏ္ဌာအခွန်အသင်းမှာ နည်းပြအဖြစ် စတင်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးပရော်ဖက်ရှင်နယ်ဘက်ကို ကူးတဲ့အချိန်မှာတော့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ကမ္ဘောဇအသင်း (ယခု ရှမ်းယူနိုက်တက်) မှာ ဂိုးနည်းပြအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ လက်ရွေးစင်အသင်းနဲ့အတူ တောက်လျှောက်တာဝန်ယူခဲ့ပြီး ဗီယက်နမ်ဆီးဂိမ်းပြီးတဲ့နောက် ၂ နှစ်ကြာမြက်ခင်းစိမ်းကို ကျောခိုင်းထားခဲ့တဲ့ ဂိုး ဦးအောင်ကျော်ကျော် ကို ရန်ကုန်ယူနိုက်တက်လူငယ်အသင်း အတွက် ဂုဏ်ယူစွာနဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်…