ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

၂၀၁၈ ခုနှစ်ရဲ့အောင်မြင်မှုတွေကို ထပ်ဆင့်အောင်မြင်မှုတွေနဲ့ မှတ်တမ်းရေးထိုးလိုက်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကြီးကို သိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။ ၂၀၁၈ ဘောလုံးရာသီအဖွင့်မှာ ကွင်းဖွင့်ဖလား ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၁၈ ဘောလုံးရာသီကိုနှုတ်ဆက်ရာမှာလည်း ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်နဲ့ လက်ပြနှုတ်ဆက်ခဲ့တဲ့ရာသီလည်းဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ပဲခူးတိုင်းကိုယ်စားပြု ဟံသာဝတီယူနိုက်တက် အသင်းကို နှစ်ယောက်လျော့အနေအထားနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်တွေရဲ့ အံ့ဩမှင်သက်မှုတွေနဲ့ မယုံနိုင်စရာအားမာန်အပြည့်နဲ့ ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက် ဟံသာဝတီအသင်းအနေနဲ့ ဦးဆောင်ဂိုးတစ်ဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့ပြီး ရန်ကုန်အသင်းကတော့ ဒိုင်ကိုစောဒတက်တာကြောင့် ဂိုးသမား ကျော်ဇင်ထက် နဲ့ မင်းကျော်ခန့် တို့က အထုတ်ခံခဲ့ရပါတယ်။ တစ်ဖက်အသင်းကို ပင်နယ်တီပေးခဲ့ပေမယ့် လူစားဝင်ရောက်လာတဲ့ လူငယ်ဂိုးသမား ဆန်းဆက်နိုင်က အကောင်းဆုံးကာကွယ်ပေးလိုက်နိုင်တာက ရန်ကုန်အသင်းအတွက် အားတစ်ခုဖြစ်စေခဲ့ပါတယ်။ လက်ကျန်အချိန်တွေကို ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ ယှဉ်ပြိုင်ကစားရင်း မောင်မောင်လွင် ရဲ့ ၇၃ မိနစ်မှာရရှိခဲ့တဲ့ ချေပဂိုး၊ တစ်ဖက်အသင်း ကစားသမား ရွှေလှိုင်ဝင်းရဲ့ ဂိုးဖြတ်ထုတ်မှုမှတဆင့် ရရှိခဲ့တဲ့ဂိုးတွေကြောင့် ပွဲပြီးဆုံးချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အောင်မြင်မှုတွေကို ဆာလောင်တဲ့သူတစ်ယောက်အတွက် ကြိုးစားမှုနဲ့သက်သေပြပြီး အရယူနိုင်ခဲ့တာဟာ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ပါတယ်။