ပွဲဦးထွက် ဂိုးပြတ်နဲ့အတူ တာထွက်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

ပွဲဦးထွက် ဂိုးပြတ်နဲ့အတူ တာထွက်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမဉီးဆုံး ပွဲဦးထွက်ပွဲစဉ်အဖြစ် GFA နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ၅-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဝင်းနိုင်ထွန်း က ၃ ဂိုး၊ ကောင်းထက်စိုး နှင့် ဥက္ကာနိုင် တို့က ၁ ဂိုးစီသွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက် အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီး ဦးဆောင်ဂိုးကို ဝင်းနိုင်ထွန်းက ပွဲချိန် ၂၀ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဂိုးနှင့် တတိယဂိုး တို့ကိုလည်း ဝင်းနိုင်ထွန်းက ပွဲချိန် ၂၉ မိနစ်နှင့် ၄၄ မိနစ်များတွင် ထပ်မံသွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ၃-၀ ဂိုးဖြင့် ရန်ကုန်အသင်း ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄ မိနစ်အကြာတွင် ကောင်းထက်စိုးက ရန်နိုင်ဦး ၏ ဖန်တီးပေးမှုကနေတဆင့် စတုတ္ထဂိုးကို သွင်းယူခဲ့ပြီး ပဉ္စမဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် လူစားဝင်ကစားသမား ဉက္ကာနိုင်က ဒေးဗစ်ထန်း၏အလွတ်တည်ကန်ဘောမှတဆင့် ဘယ်ခြေဖြင့် အပြင်းကန်သွင်းယူကာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပဉ္စမဂိုး ကို ရယူပေးခဲ့သည်။ ပွဲကစားချိန် ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် နာကျင်အချိန်ပိုတွင် ရရှိခဲ့ သည့် ပင်နယ်တီပြစ်ဒဏ်ဘောအပါအဝင် အခွင့်အရေးတစ်ချို့ ထပ်မံရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်တွင် ငါးဂိုး ဂိုးမရှိဖြင့် GFA အသင်းကို အနိုင်ရရှိခဲ့သည်။
ထို့အပြင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ဝင်းနိုင်ထွန်း သည် ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သည် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ဒီနေ့ခြေလှမ်းက ပထမခြေလှမ်းဆိုတာ သူတို့သိတဲ့အတွက် ကြိုးကြိုးစားစား ကစားတာကို တွေ့ရပါတယ်၊ လေ့ကျင့်ရေးကွင်းမှာလည်း ကြိုးစားသလို သူတို့သွားချင်တဲ့ လမ်းကြောင်းကို ‌ရောက်အောင် ကြိုးစားခဲ့တဲ့အတွက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ပွဲစဉ်များ ယနေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ပွဲစဉ် ၁ အပြီး ရန်ကုန်ယူနိုက်တက် အသင်းသည် ရမှတ် ၃ မှတ်၊ ရဂိုးအသာဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်ထားနိုင်ခဲ့သည်။