ပြိုင်ဖက်အသင်းကို လေးလေးစားစားနှင့် ယှဉ်ပြိုင်သွားမည်ဟု ရန်ကျော်စိုးဆို

ပြိုင်ဖက်အသင်းကို လေးလေးစားစားနှင့် ယှဉ်ပြိုင်သွားမည်ဟု ရန်ကျော်စိုးဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ ရန်ကျော်စိုးက မနက်ဖြန်ယှဉ်ပြိုင်ကစားရမည့် အား/ကာသိပ္ပံ အသင်းနှင့်ပွဲစဉ်တွင် ပြိုင်ဖက်အသင်းကို လေးလေးစားစားယှဉ်ပြိုင်သွားမည်ဟု ဆိုခဲ့သည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၇ တွင် ရန်ကုန်ယူနိုက်တက်အသင်း သည် အား/ကာသိပ္ပံအသင်းနှင့် အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၃:၃၀ နာရီ၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့်ပတ်သတ်ပြီး ရန်ကျော်စိုးက “ဟံသာဝတီနဲ့ပွဲက မှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ကျနော်တို့ ပြန်လည်ပြင်ဆင်ပြီး ကြိုးစားနေပါတယ်။ တွေ့ဆုံရမယ့် ပြိုင်ဖက်ကလည်း အသင်းကောင်းတစ်သင်း ဖြစ်လို့ ပြိုင်ဖက်အသင်းကို လေးလေးစားစားနဲ့ အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့၏ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ တွေ့ဆုံမှုတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။
ထို့အပြင် ရန်ကျော်စိုးက “ကျွန်တော်တို့ပရိသတ်တွေကို အကောင်းဆုံး ဆိုတာတွေပေးဖို့ ကြိုးစားနေပါတယ်၊ ပရိသတ်တွေလည်း ဆက်လက်ပြီး အားပေးပါဦး” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၄ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ISPE အသင်းကသည် ၁၄ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၆ ပွဲနိုင်၊ ၃ပွဲသရေ၊ ၅ပွဲရှုံး၊ ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၇ နေရာတွင် ရပ်တည်နေသည်။