ဂိုးပြတ်နိုင်ပွဲနှင့်အတူ သုံးမှတ်ပြည့်ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဂိုးပြတ်နိုင်ပွဲနှင့်အတူ သုံးမှတ်ပြည့်ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် -၂၁ အဖြစ် အား/ကာသိပ္ပံအသင်းနှင့် YUSC ကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ရန်ကျော်ထွေး မှ နှစ်ဂိုး၊ သာယာဝင်းထက်၊ ဇော်ရဲထွန်း တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အား/ကာသိပ္ပံ အသင်းအတွက် တစ်လုံးထဲသော ဂိုးကို ရန်ကုန်ယူနိုက်တက်အသင်း၏ နောက်တန်းအမှားမှတဆင့် ရရှိခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲစဥ် ပွဲထွက်လူစာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် အပြောင်းအလဲတချို့နှင့်အတူ ဘုန်းသစ္စာမင်း နှင့် သာယာဝင်းထက် တို့ ပွဲထွက်ကစားသမား စာရင်းတွင် ပါဝင်လာခဲ့ပြီး ၄-၄-၂ ကစားကွက်ဖြင့် ယှဥ်ပြိုင်ခဲ့သည်။ ပွဲအစ ၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး သာယာဝင်းထက် ကန်သွင်းသည့် ဘောလုံးကို ဂိုးသမားကာကွယ်ရာမှတဆင့် ရန်ကျော်ထွေး က ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် ၉ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒေးဗစ်ထန်း ၏ ဖြတ်တင်ပေးပို့မှုမှတဆင့် သာယာဝင်းထက် က သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပွဲချိန် ၂၃ မိနစ်တွင် သာယာဝင်းထက်၊ ရန်နိုင်ဦး၊ ဒေးဗစ်ထန်း တို့၏ တွဲလုံးမှတဆင့် ရန်ကျော်ထွေး က တတိယဂိုး သွင်းယူခဲ့ပြီး ပွဲကိုဦးဆောင်နေခဲ့သည်။ အား/ကာသိပ္ပံအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၃၉ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ သူရိန်စိုး နှင့် ဂိုးသမား ဘုန်းသစ္စာမင်း တို့ နားလည်မှုလွဲရာမှတဆင့် ဂိုးပေးခဲ့ရခြင်း ဖြစ်သည်။ ပထမပိုင်းပွဲချိန် ၄၅ မိနစ်ပြည့်အပြီး အချိန်ပို ၃ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း အလွတ်တည်ကန်ဘောရရှိခဲ့သော်လည်း ဂိုးဘားတန်းထိခဲ့သောကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၃-၁ ဂိုး ဖြင့် အား/ကာသိပ္ပံအသင်းကို ဦးဆောင်နိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းကို ဦးဆောင်ဂိုးများ ခွင့်ပြုထားခဲ့ရသောကြောင့် ပွဲချိန်ဒုတိယပိုင်းတွင် အား/ကာသိပ္ပံ အသင်း ချေပဂိုးရရှိရန် ပိုမိုကြိုးစားလာခဲ့ပြီး ပွဲချိန် ၅၆ မိနစ်တွင် ထိရောက်သည့် တိုက်စစ်ဆင်မှုပြုလုပ်နိုင်ခဲ့ သော်လည်း ဂိုးသမား ဘုန်းသစ္စာမင်း ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၆၂ မိနစ်တွင် ရန်ကုန် ယူနိုက်တက်အသင်း လူစားလဲမှုပြုလုပ်ခဲ့ပြီး ဒေးဗစ်ထန်း နှင့် လှိုင်းဘိုဘို တို့အစား လမင်းထွေးနှင့် ရန်ကျော်စိုး၊ ပွဲချိန် ၇၈ မိနစ်တွင် သာယာဝင်းထက် အစား ညဏ်လင်းထက်၊ ပွဲချိန် ၈၆ မိနစ်တွင် သူရိန်စိုး နှင့် ရန်ကျော်ထွေး အစား ဇော်ရဲထွန်း နှင့် စအောင်ပြည့်ကို တို့ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပွဲသိမ်းဂိုးကို နာကျင်အချိန်ပို ၄ မိနစ်တွင် ဇော်ရဲထွန်း က ရန်ကျော်စိုး ၏ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက် သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ၄-၁ ဂိုး ဖြင့် အား/ကာသိပ္ပံအသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဂတ်ဇီ က “အစောပိုင်းမိနစ်မှာဂိုးတွေရခဲ့တာကောင်းပါတယ်။ မိနစ် ၂၀ နောက်ပိုင်းမှာ ၃-၀ နဲ့ဦးဆောင်နေတယ်။ ပထမပိုင်းပြီးတဲ့အချိန်ထိကစားခဲ့တာက တကယ်ကိုကောင်းခဲ့တဲ့ခြေစွမ်းတွေဖြစ်ခဲ့ပါတယ်၊ ကျွန်တော်အတွက်တော့ တကယ်ကိုပြောင်မြောက်တဲ့ကစားပုံတွေကိုမြင်တွေ့ခဲ့ပါတယ်။ ဒါမျိုးကစားတာကလည်း အမြဲတမ်းမြင်တွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့အသင်းကစားခဲ့တယ်။ တကယ်ကိုကောင်းပါတယ်။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် ၂၁ အပြီးတွင် ၂၀ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၅၀ ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် ဒီဇင်ဘာလ ၁၀ ရက်တွင် မဟာယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဥ် ၁၆ (လက်ကျန်ပွဲစဥ်) ကို သုဝဏ္ဏကွင်းတွင် ဆက်လက် ယှဥ်ပြိုင်ရမည်ဖြစ်သည်။