ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ဂိုးမရှိသရေကျ

ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ဂိုးမရှိသရေကျ

၂၀၂၂ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့နံနက်ပိုင်းက ရှမ်းယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် ဘုန်းသစ္စာမင်း (ဂိုး)၊ သီဟထက်အောင်၊ ကျော်ဖြိုးဝေ၊ ဟိန်းဇေယျာလင်း၊ မင်းကျော်ခန့်၊ စည်သူမိုးခန့်၊ ရန်ကျော်စိုး၊ ဇွဲသက်ပိုင်၊ ရန်ပိုင်စိုး၊ လမင်းထွေး၊ စောကျော်အဲ တို့နှင့်ပွဲထွက်ကစားခဲ့သည်။ ပွဲစပြီး ၁၁ မိနစ်အကြာတွင် လမင်းထွေး အနီးကပ်ပေးပို့မှုကို စောကျော်အဲ သုံးယောက်ကြားမှ အပိုင်ကန်သွင်းသော်လည်း ဂိုးတိုင်ဘေးမှကပ်ထွက်ခဲ့သည်။ ၁၀ မိနစ်အကြာတွင် စောကျော်အဲဆီမှလျှံထွက်လာသည့်ဘောလုံးကို ဇွဲသက်ပိုင်ကန်သွင်းရာဂိုးသမား ပုတ်ထုတ်ခဲ့သည်။ ထို့နောက်ရန်ကုန်အသင်း ထောင့်ကန်ဘောရရှိခဲ့ပြီး လမင်းထွေးကန်တင်ရာ ဟိန်းဇေယျာလင်း ခေါင်းတိုက်သွင်းရန်ကြိုးစားသော်လည်း လွဲချော်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်းတွင် စည်သူမိုးခန့်အစား ကျော်မင်းဦး ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် မင်းကျော်ခန့် ပြစ်ဒဏ်ဘောကန်တင်ရာ ဇွဲသက်ပိုင် ၁၈ ကိုက်ထိပ်မှအပြင်းကန်သွင်းရန်ကြိုးစားသော်လည်း ဂိုးလွန်ဘောဖြစ်ခဲ့သည်။ ဆက်လက်ပြီး လမင်းထွေး ညာခြမ်းမှတဆင့် ဂိုးရှေ့ချပေးသည့်ဘောလုံးကို စောကျော်အဲ ကန်သွင်းရန် ကြိုးစားခဲ့သော်လည်း ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ ပွဲချိန်တစ်လျှောက် နှစ်သင်းအပြိုင် ဂိုးရရှိရေးအတွက် ကြိုးစားခဲ့ကြသော်လည်း မိနစ် ၉၀ ထိဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။