ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက Silver stars အသင်းကို ၅-၀ ဂိုးဖြင့်အနိုင်ရရှိ

ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက Silver stars အသင်းကို ၅-၀ ဂိုးဖြင့်အနိုင်ရရှိ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ် – ၂ ကလပ် Silver stars အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက Silver stars အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းတွင် ဘုန်းသစ္စာမင်း (ဂိုး)၊ မင်းကျော်ခန့်၊ ဟိန်းဇေယျာလင်း၊ ကျော်ဖြိုးဝေ၊ သူရိန်စိုး၊ လှိုင်းဘိုဘို၊ သာယာဝင်းထက်၊ ဒေးဗစ်ထန်း၊ လမင်းထွေး( ရန်လင်းအောင်)၊ ဝင်းနိုင်ထွန်း နှင့် ဆီလာ တို့ဝင်ရောက်ကစားခဲ့ကြပြီး ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို သာယာဝင်းထက်၏ ညာခြမ်းမှ ဂိုးရှေ့ကန်တင်ပေးမှုကို ဆီလာက ခေါင်းတိုက်သွင်းယူပေးခဲ့ကာ ပထမပိုင်းတွင် ရန်ကုန်အသင်းက ၁-၀ ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် ဘုန်းသစ္စာမင်း (ဂိုး) (သူရကျော်)၊ ဇာနည်ထက်၊ ဟာဘီလာ၊ ဇော်ရဲထွန်း၊ ဇင်ကိုထက်၊ ကောင်းထက်စိုး၊ လှိုင်းဘိုဘို၊ ရန်လင်းအောင်၊ စအောင်ပြည့်ကို၊ လမင်းထွေး (ထက်လင်းစိုး) နှင့် ရန်ကျော်ထွေး တို့ဝင်ရောက်ကစားခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် ရန်ကုန်အသင်း ပင်နယ်တီရရှိခဲ့ပြီး စအောင်ပြည့်ကို က သွင်းယူခဲ့သည်။ တတိယမြောက်ဦးဆောင်ဂိုးကို ၁၈ ကိုက်စည်းအတွင်းမှ လှိုင်းဘိုဘို အပြင်းကန်သွင်းယူပေးခဲ့သည်။ ၇၂ မိနစ်တွင် ကောင်းထက်စိုး ညာခြမ်းကချိုးပေးသည့်ဘောလုံးကို စအောင်ပြည့်ကို အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပြီး အဆုံးသတ်အနိုင်ဂိုးကို ပွဲပြီးခါနီး ၅ မိနစ်အလိုတွင် ကောင်းထက်စိုး က သွင်းယူပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစမ်းပွဲ ၃ ပွဲ ကစားခဲ့ပြီး သစ္စာအားမာန်အသင်းကို ၆-၁ ဂိုး၊ GFA အသင်းကို ၂-၀၊ Silver stars အသင်းကို ၅-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။