မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၅ တွင် ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုး ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၅ တွင် ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုး ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၅ အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယနေ့ Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရန်ကုန်ယူနိုက် တက်အသင်း ရှုံးနိမ့်ခဲ့သည်။ ရန်ကုန်အသင်းအတွက်ချေပဂိုးကို ဇော်ဝင်းသိန်းက သွင်းယူပေးခဲ့ပြီး ရခိုင်အသင်းအတွက် ထရာအိုး နှင့် သန်းတိုးအောင် တို့က သွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစပြီး ၁ မိနစ်မှာပင် ဆယ်လာ အပိုင်အခွင့်အရေး ရရှိခဲ့သော်လည်း ရခိုင်ယူနိုက်တက်အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၁၃ မိနစ် တွင် ရခိုင်ယူနိုက်တက်အသင်း အလွတ်တည်ကန်ဘောကနေ တဆင့် ထရာအိုးက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၂၃ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်း အလွတ်တည်ကန်ဘောမှတဆင့် ချေပဂိုး ပြန်လည်သွင်းယူ နိုင်ခဲ့သည်။ ချေပဂိုးရရှိပြီးနောက်ပိုင်း ရန်ကုန်ယူနိုက်တက် အသင်း ထပ်မံတိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်တွင် ရန်ကျော်စိုး အဝေးကန်ချက် ကောင်းမွန်ခဲ့သော်လည်း ရခိုင်ယူနိုက်တက်အသင်း ဂိုးသမားကာကွယ်နိုင်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ၁-၁ ဂိုးဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲကစားချိန် ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မြှင့်တင်ရန် ပြင်ဆင်လာခဲ့ပြီး ပွဲချိန် ၅၆ မိနစ် တွင် ဇာနည်ထက် အစား ဥက္ကာနိုင် ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲချိန် ၆၇ မိနစ်တွင် ဇော်ဝင်းသိန်း ကန်တင်သည့် အလွတ်တည်ကန်ဘောမှတဆင့် ဝင်းနိုင်ထွန်း ခေါင်းတိုက်ချက် ကောင်းခဲ့သော်လည်း ဂိုးပေါက်နှင့် အနည်းငယ် ကပ်လွဲချော်ခဲ့သည်။ ပွဲချိန် ၆၇ မိနစ်တွင် ဝင်းနိုင်ထွန်း အစား ရန်ကျော်ထွေး၊ မင်းကျော်ခန့် အစား ကျော်ဖြိုးဝေ၊ ပွဲချိန် ၇၇ မိနစ်တွင် ရန်နိုင်ဦး အစား ရန်လင်းအောင်၊ ဆယ်လာ အစား လမင်းထွေး တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲချိန် ၈၈ မိနစ်တွင် ရခိုင်အသင်းမှ လူစားဝင်ရောက်လာသော သန်းတိုးအောင် က ထောင့်ကန်ဘောမှ တောက်လျှောက်ဆွဲယူလာပြီး အပြင်းကန်သွင်းကာ ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၁-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်းက “အားလုံးက ကျွန်တော့်မှာ တာဝန်ရှိပါတယ်၊ ဘောလုံးကစားပုံတော့ ကောင်းပါတယ်၊ ဒါပေမယ့် ဂိုးမရခဲ့ဘူး၊ သူတို့လဲ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်တယ်၊ ကျွန်တော်တို့လည်း ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်တယ်၊ ရှုံးသွားတယ် ဆိုတော့ ကျေတော့ မကျေနပ်ပါဘူး” ဟု ပြောကြားခဲ့သည်။”
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၅ ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၁၂ မှတ်ရရှိထားပြီး မေလ ၂၆ ရက်နေ့တွင် မဟာယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။