Myanmar National League

Myanmar National League

မြန်မာနေရှင်နယ်လိဂ် ၄ ကြိမ်မြောက် ချန်ပီယံအဖြစ်မှတ်တမ်းရေးထိုးမယ့် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၅ ဘောလုံးရာသီအပြီးမှာတော့ ပွဲစဉ် ၂၂ ပွဲကစား၊ ၁၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၅၄ မှတ်နဲ့ ဒုတိယနေရာက ရတနာပုံအသင်းကို ၈ မှတ်အကွာနဲ့ ချန်ပီယံဆုကြီးကို ရယူခဲ့တာပဲဖြစ်ပါတယ်။ ပထမအကျော့မှာ ပွဲစဉ်အားလုံးကို အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့ ဇေယျာရွှေမြေအိမ်ကွင်းမှာ ၁-၁ ဂိုးနဲ့ သရေရလဒ်ရရှိခဲ့ပြီးချိန်မှာတော့ ရန်ကုန်အသင်းအတွက် ချန်ပီယံဖလားဆုကြီးက သေချာသွားခဲ့ပါတယ်။
ချန်ပီယံအဖြစ်လက်ခံရယူရမယ့် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ချင်းယူနိုက်တက်အသင်းနဲ့ ပွဲမှာ ၂၀၁၅ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှုးဆီဇာရဲ့ ဂိုးမိုးရွာမှုတွေနဲ့အတူ လူငယ်ကစားသမားသန်းပိုင်ရဲ့ အဆုံးသတ်အနိုင်တစ်ဂိုးနဲ့ ချင်းယူနိုက်တက်အသင်းကို ၆-၂ ဂိုး အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။