၂ ဂိုးပြတ်ရလဒ်နဲ့အတူ ရမှတ် ၃ မှတ်အပြည့် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

၂ ဂိုးပြတ်ရလဒ်နဲ့အတူ ရမှတ် ၃ မှတ်အပြည့် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၀ အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ ယနေ့ ညနေက YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ဆီလာနှင့် ရန်ကျော်ထွေး တို့မှ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစသည်နှင့် ဟံသာဝတီ ယူနိုက်တက်အသင်းကို ဖိအားပေးရန် ကြိုးစားခဲ့သည်။ ပွဲကစားချိန် ၂၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဒေးဗစ်ထန်း ၏ ဖြတ်တင်ပေးပို့မှုမှတဆင့် ဆီလာ က ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နှစ်သင်းစလုံး ဂိုးရရှိရေးအတွက် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၁-၀ ဂိုး ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ပွဲချိန် ဒုတိယပိုင်း ၆၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ဆီလာ အစား ရန်ကျော်ထွေး၊ စအောင်ပြည့်ကို အစား ဥက္ကာနိုင် တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထို့ပြင် ပွဲချိန် ၇၇ မိနစ်တွင် ရန်နိုင်ဦး အစား လမင်းထွေး၊ ဒေးဗစ်ထန်း အစား ထက်လင်းစိုး တို့ကို ပြောင်းလဲအသုံးပြုခဲ့ပြီး အနိုင်ဂိုးများ ထပ်မံ ရရှိရန် ပြင်ဆင်လာခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် ဇော်ဝင်းသိန်း ဂိုးကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သည်။ ပွဲချိန် မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပို တွင် ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဇော်ဝင်သိန်း ၏ ဖန်တီးပေးမှုမှတဆင့် ရန်ကျော်ထွေး က အဆုံးသတ်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ပွဲပြီးဆုံံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ်ပြည့်ရယူနိုင်ခဲ့ သည်။
ထို့နောက် ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းကရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမင်းဆွေဦးက ချီးမြှင့်ပေးခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “ရလဒ်အတွက် ကျေနပ်ပါတယ်၊ ကစားအားကောင်းတဲ့ အသင်းတွေရဲ့ တွေ့ဆုံမှုပါ၊ ကျွန်တော်တို့ ကစားသမားတွေ နိုင်လိုချင်စိတ် များတဲ့အတွက် အမှားလေး တွေ ရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၉ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေပြီး ဇူလိုင်လ ၅ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။