ရန်ကုန်အမျိုးသမီးအသင်းက သစ္စာအားမာန်အသင်းကို ၄-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်

ရန်ကုန်အမျိုးသမီးအသင်းက သစ္စာအားမာန်အသင်းကို ၄-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်

ယနေ့ညနေက စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် သစ္စာအားမာန်အမျိုးသမီးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အမျိုးသမီးအသင်းက သစ္စာအားမာန်အသင်းကို ၄-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ပန်းအိနွယ်၊ နန်းချိုမွှေး၊ ယွန်းဝတီလှိုင် နှင့် ဝင်းသိင်္ဂီထွန်းတို့ကသွင်းယူပေးခဲ့ကြသည်။
ပထမပိုင်းတွင် ပန်းအိနွယ် က ၃၉ မိနစ် နှင့် နန်းချိုမွှေး က ပွဲချိန် ၄၂ မိနစ်တို့တွင် အသီးသီးဂိုးသွင်းယူပေးခဲ့ကြပြီး ပထမပိုင်းကို ၂-၀ ဂိုးနှင့် ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်း ၅၂ မိနစ်တွင် တစ်ဖက်အသင်းမှ ဝင်းဝင်း နှစ်ဝါတစ်နီနှင့် အထုတ်ခံရပြီး ယွန်းဝတီလှိုင် က ပွဲချိန် ၅၄ မိနစ်တွင် တတိယဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင်ဝင်းသိင်္ဂီထွန်း က အဆုံးသတ်အနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ရမှတ် ၃ မှတ်ပြည့် ရယူနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၂ ပွဲကစား၊ ၂ ပွဲနိုင်၊ ရမှတ် ၆ မှတ်ပြည့် ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာသို့တက်လှမ်းနိုင်ခဲ့သည်။ လာမည့် မေလ ၁၈ ရက်နေ့၊ YUSC တွင် အား/ကာသိပ္ပံအမျိုးသမီးအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။