ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ကိုင်တွယ်ရန်အတွက် ဂျာမနီနိုင်ငံသား ဂတ်ဇီအား နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။
မြန်မာ့ဘောလုံးနှင့်ရင်းနှီးကျွမ်းဝင်သည့် ဂတ်ဇီသည် မြန်မာယူ-၂၀ အသင်းနှင့် အတူအောင်မြင်မှုများ ရရှိခဲ့ပြီး နယူးဇီလန်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးဖြစ်သည်။
ထို့အပြင် ဘယ်လ်ဂျီယံနှင့်ဂျာမနီကလပ်အသင်းများတွင်လည်း နည်းပြ၊နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့်အပြင် အာရှကလပ် အသင်းများဖြစ်သည့် ဗီယက်နမ်ကလပ် ဒါနမ်အသင်း နှင့် မော်လ်ဒိုက်ကလပ် နယူးရေးဒီယန့် အသင်းများတွင် နည်းပြအဖြစ်တာဝန်ယူခဲ့ပြီး လိဂ်ချန်ပီယံ ဖြစ်အောင် ကိုင်တွယ်ခဲ့သည့်သူတစ်ဦးဖြစ်သည်။
ဂတ်ဇီသည် မြန်မာ ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၃ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင် အသင်းကြီးကို ၃ နှစ်ကြာကိုင်တွယ်ခဲ့သည့်သူတစ်ဦးဖြစ်သည်။
ဂတ်ဇီ က “ရန်ကုန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းမှာ နည်းပြရမယ်ဆိုတော့ ခံစားချက်လည်း ကောင်းတယ်။ အသင်းအတွက်အကောင်းဆုံးအလုပ်လုပ်ပြသွားပါမယ်။” ဟု ဆိုသည်။
“ဒီအသင်းမှာက ကစားသမားကောင်းတွေရှိတယ်။ လက်ရွေးစင်ကစားသမား တွေလည်း များတယ်။ လက်ရှိထက်ပိုကောင်းအောင်လို့ သေချာပြင်ဆင်သွား ပါမယ်။ အသင်းကစားခဲ့တဲ့ပွဲတွေလည်း ကြည့်ပြီးသွားပါပြီ။ ပွဲတွေကြည့်ပြီး ဘယ်လိုနည်းလမ်းနဲ့ဆိုအသင်းအတွက် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ရှာနေပါတယ်။ ကစားသမားတွေ ဘောလုံးကစားရတာပျော်လာအောင်၊ သေချာကစားနိုင်လာအောင် ပြုပြင်ပြောင်းလဲသွားပါမယ်။”
“ရန်ကုန်ယူနိုက်တက်အသင်းပရိသတ်များအားလုံး မင်္ဂလာပါ။ ရန်ကုန်အသင်း ပရိသတ်တွေက အသင်းကို အရမ်းအားပေးကြတာကို သိပါတယ်။ ဒီထက်ပိုပြီးလည်း အသင်းကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု ဂတ်ဇီ က ရန်ကုန်ပရိသတ်များကို နှုတ်ဆက်စကားပြောကြားခဲ့သည်။
နည်းပြချုပ် ဂတ်ဇီသည် မြန်မာနိုင်ငံသို့ ဩဂုတ်လ ပထမအပတ်တွင် ရောက်ရှိမည်ဖြစ်သောကြောင့် လာမည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်ကို ဦးတင်မောင်ထွန်း က ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ် သွားမည်ဖြစ်သည်။