ဘရူနိုင်းကလပ် DPMM အသင်းကို အနိုင်ယူပြီး ¬Play off အဆင့်ကို တက်လှမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်

ဘရူနိုင်းကလပ် DPMM အသင်းကို အနိုင်ယူပြီး ¬Play off အဆင့်ကို တက်လှမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်

ယနေ့ ညနေကသုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် AFC Cup 2023 (Pleliminary Stage) ပွဲစဉ်တွင် ရန်ကုန်ယူနိုက် တက် (မြန်မာ)နှင့် DPMM (ဘရူနိုင်း) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၂-၁ ဂိုး ဖြင့် အနိုင်ရပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ဗလန်စီယာနှင့် ဇော်ဝင်းသိန်း တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး DPMM အသင်းကို ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ဇော်ဝင်းသိန်း အဝေးကန်ချက် ကောင်းခဲ့သောလည်း DPMM အသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် DPMM အသင်း နောက်ခံလူက ရန်ကုန် ယူနိုက်တက်အသင်း ကစားသမား ဗလန်စီယာ ကို ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့ သောကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ရန်ကုန်ယူနိုက်တက်အသင်း ရရှိခဲ့သည်။ အဆိုပါ ပင်နယ်တီကို ဆယ်လာ ကန်သွင်းရာတွင် ဂိုးပေါက်နှင့် လွဲချော်ခဲ့သောကြောင့် ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၄၂ မိနစ်တွင် DPMM အသင်း တိုက်စစ်ဆင်ကစားလာခဲ့သော်လည်း ၎င်းတို့ကန်ချက် ဂိုးပေါက်နှင့်လွဲချော်ခဲ့သောကြောင့် ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးများ ရရှိရန် ကြိုးစားခဲ့ပြီး ဆီလာ၊ ဗလန်စီယာ၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို တို့ ဂိုးကန်သွင်းခွင့်များရရှိခဲ့သော်လည်း DPMM အသင်း ဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့သောကြောင့် ဂိုးရရှိရန် ခက်ခဲခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် DPMM အသင်း က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး လူစားဝင် ကစား သမား ဖရက်နော က သွင်းယူခဲ့သည်။ ထို့နောက် ၁ မိနစ်အကြာ ပွဲချိန် ၇၈ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဇော်ဝင်းသိန်း ဖြတ်တင်ပေးပို့မှုမှတဆင့် ဗလန်စီယာ က ခေါင်းတိုက်သွင်းယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ဗလန်စီယာ ၏ ချထားပေးပို့မှုမှတဆင့် ဇော်ဝင်းသိန်း က ပိတ်သွင်းကာ အနိုင်ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် DPMM အသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က “အသင်းကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ ပရိသတ်တွေအများကြီး လာရောက်အားပေးကြတဲ့အတွက် တကယ်ကိုပျော်မိပါတယ်။ လာရောက်အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်အားပေးမှုမပါဘဲနဲ့ ပွဲကိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လာမယ့် ဘာလီမှာကစားမယ့် PSM Makassar နဲ့ ပွဲမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2023 (Play off) ပွဲစဉ်အဖြစ် ဩဂုတ်လ ၂၃ ရက်တွင် အင်ဒိုနီးရှား ကလပ် PSM Makassar အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။