ပထမအကျော့ကို ဂိုးပြတ်နိုင်ပွဲနှင့် ပိတ်သိမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်

ပထမအကျော့ကို ဂိုးပြတ်နိုင်ပွဲနှင့် ပိတ်သိမ်းခဲ့သည့် ရန်ကုန်ယူနိုက်တက်

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ လက်ကျန်ပွဲစဉ်အဖြစ် အား/ကာသိပ္ပံ အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ဆီလာ ၂ ဂိုး၊ ရန်နိုင်ဦး နှင့် စအောင်ပြည့်ကို တို့မှ တစ်ဂိုးစီသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး လူငယ်ကစားသမားများ ဖြစ်သည့် ရန်ကျော်စိုးနှင့် ဥက္ကာနိုင် တို့ ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်လာခဲ့သည်။ ပွဲချိန် ၂၃ မိနစ်၊ ၃၀ မိနစ်နှင့် ၃၃ မိနစ်များတွင် ဆီလာ အပိုင်အခွင့်အရေးများနှင့်အတူ ဂိုးပေါက်ခြိမ်းခြောက် နိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးများနှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး အလွတ်တည် ကန်ဘောမှတဆင့် ရန်နိုင်ဦး က တိုက်ရိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပွဲချိန် မိနစ် ၄၀ တွင် ဒုတိယဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ရန်နိုင်ဦး၏ ဖြတ်တင် ပေးပို့မှုမှ တဆင့် ဆီလာက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်ကာ ပထမပိုင်းပြီး ဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက အား/ကာသိပ္ပံ အသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဆီလာ ၏ ခေါင်းတိုက်ချက်များနှင့် အတူ ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့ပြီး အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၇၅ မိနစ်တွင် ဒေးဗစ်ထန်း ၏ ပေးပို့မှုမှတဆင့် ဆီလာ က ပိတ်သွင်းယူခဲ့ပြီး စတုတ္ထဂိုးကို လူစားဝင်ကစားသမား စအောင်ပြည့်ကို က ရန်ကျော်ထွေး ၏ ချထားပေးမှုကနေတဆင့် သွင်းယူခဲ့ ခြင်း ဖြစ်သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အား/ကာသိပ္ပံ အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမအကျော့ နောက်ဆုံးပွဲကို ဂိုးပြတ်နိုင်ပွဲဖြင့် ပိတ်သိမ်းခဲ့သည်။
ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “နိုင်ပွဲရအောင် ကစားသမားတွေ ကြိုးစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေး တချို့ကို အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကစားပုံကောင်းလာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် ၁၁ ပွဲယှဉ်ပြိုင်ပြီးခဲ့ပြီး ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ ဒုတိယအကျော့ပွဲစဉ်ကို လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် GFA အသင်းနှင့် YUSC ကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။