ကိုလံဘီယာတိုက်စစ်မှုး ဟိုဇေးဗလင်စီယာကို တစ်ရာသီစာချုပ်ချုပ်ဆို

ကိုလံဘီယာတိုက်စစ်မှုး ဟိုဇေးဗလင်စီယာကို တစ်ရာသီစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် နိုင်ငံတကာပြိုင်ပွဲများနှင့် ပြည်တွင်းပြိုင်ပွဲများအတွက် အားဖြည့်မှု အဖြစ် ကိုလံဘီယာနိုင်ငံသား တိုက်စစ်မှုး ဟိုဇေးဗလင်စီယာကို တစ်ရာသီစာချူပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီ ဖြစ်သည်။
နိုင်ငံတကာအတွေ့အကြုံများစွာပိုင်ဆိုင်ထားသည့် ဗလင်စီယာ သည် အမေရိကန်နှင့် တောင်အမေရိက ကလပ်အသင်းများတွင် ယှဉ်ပြိုင်ကစားခဲ့သူ ဖြစ်သည်။ ထို့အပြင် ကိုလံဘီယာ သက်တမ်းအလိုက်နိုင်ငံ လက်ရွေးစင် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ရီးရဲမက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့တွင် ကစားခဲ့သည့် ဂျိမ်းစ်ရိုဒရီဂွက်နှင့်အတူ ၂၀၁၁ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် တိုက်စစ်မှုးတစ်ဦးဖြစ်သည်။
၎င်း၏ဖခင်ဖြစ်သူ ဒိုဖိုဗလင်စီယာ မှာ ကိုလံဘီယာလက်ရွေးစင်တစ်ဦးဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ အက်သလက် တီကိုမက်ဒရစ် တို့တွင်သွားရောက်ကစားခဲ့သူ တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူ၏ ဘောလုံးအမွေကို ဆက်ခံကာ အသက် ၁၇ နှစ်မှာစတင်ပြီး ကိုလံဘီယာကလပ် စန်တာဖဲအသင်းတွင် ၎င်း၏ ကစားသမားဘဝကို စတင်ခဲ့သည်။
စင်တာဖဲအသင်းတွင်ကစားပြီးနောက် ၎င်း၏ခြေစွမ်းပြမှုများကြောင့် မေဂျာလိဂ်ကလပ်အသင်းဖြစ်သည့် ပေါ့လန်းတင်ဘာအသင်းသို့ ၂၀၁၁ ခုနှစ်တွင်အငှားရောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ထိုအသင်းနှင့် အပြီးသတ် စာချုပ်ချုပ်ဆိုကာ တစ်ရာသီကစားခဲ့သည်။
ထို့နောက် အာဂျင်တီးနားကလပ်အသင်းဖြစ်သည့် ကလပ်အိုလင်ပို အသင်းနှင့် ရိုစာရီစင်ထရယ်အသင်းတို့တွင် ကစားခဲ့ပြီး ကိုလံဘီယာကလပ် အသင်းများတွင် ပြန်လည်ကစားခဲ့သည်။
နိုင်ငံအသင်းနှင့် ကလပ်အသင်းအောင်မြင်မှုများအဖြစ် ကိုလံဘီယာကလပ် ဆန်တာဖဲအသင်း နှင့်အတူ ချန်ပီယံဆု ၂ ကြိမ်ဆွတ်ခူးခဲ့ပြီး ကိုလံဘီယာ သက်တမ်းအလိုက်လက်ရွေးစင် ယူ-၂၀ ပြိုင်ပွဲတွင် အသင်းနှင့်အတူ Maurice Revello Tournament (Toulon Tournament) ချန်ပီယံဆုကို ၂၀၁၁ ခုနှစ်တွင်ကိုင်မြှောက်နိုင်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင်ပေါ်တူဂီကလပ် ဖီရန်စီ အသင်းတွင် ၃ နှစ်ကြာကစားခဲ့ပြီး အီကွေဒေါကလပ် ဒယ်ဖင်၊ ကိုလံဘီယာကလပ် ပါရီရာတွင် တစ်ရာသီကစားပြီးနောက် ဘူကာရာမန်ဂါအသင်းတွင်နောက်ဆုံးယှဉ်ပြိုင် ခဲ့သည်။
ညာသန်တစ်ဦးဖြစ်ပြီး တိုက်စစ်အပြင် ဘယ်တောင်ပံနှင့် ညာတောင်ပံနှစ်နေရာကိုကစားနိုင်သည့်သူ တစ်ဦးဖြစ်သည့် ဗလင်စီယာသည် တောင်အမေရိကကလပ်အသင်းများပြိုင်ပွဲဖြစ်သည့် 2020 Copa Libertadores တွင် အီကွေဒေါကလပ် ဒယ်ဖင်အသင်းနှင့်အတူ ၁၆ သင်းအဆင့်ထိတက်လှမ်းနိုင်ခဲ့သည်။
အရပ် ၆ ပေ ၁ လက်မရှိသည့် တိုက်စစ်မှုး ဗလင်စီယာ က “လက်ရှိမှာတော့ ဒီအသင်းကကျွန်တော့်ကို ကမ်းလှမ်းလာတဲ့အတွက် အရမ်းကိုပျော်နေပါတယ်။ ကျွန်တော်အတွက်လည်း အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလည်း ပထမဆုံးအကြိမ်ရောက်လာတာဖြစ်တဲ့အပြင် ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားရမှာဖြစ်တဲ့အတွက် ကျွန်တော့်ဘက်ကအကောင်းဆုံးပုံစံနဲ့ အသင်းအတွက်ကစားပေးသွားပါမယ်” ဟုဆိုခဲ့သည်။