ရန်ကုန်ယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို ၃-၁ ဂိုးနှင့်အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို ၃-၁ ဂိုးနှင့်အနိုင်ရရှိ

အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၃-၁ ဂိုးနှင့် အား/ကာသိပ္ပံအသင်းကို အနိုင်ရရှိခဲ့သည်။

ပွဲစပြီး ၁၀ မိနစ်တွင် မင်းကျော်ခန့် ဘောလုံးဟန့်တားရာမှ လက်ထိသဖြင့် ရန်ကုန်အသင်းပင်နယ်တီပေးခဲ့ရပြီး အား/ကာသိပ္ပံအသင်းမှ သိန်းဇော်သီဟ ကန်သွင်းသော်လည်း ဂိုးသမား ဆန်းဆက်နိုင် အကောင်းဆုံးပုံစံနှင့် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် အား/ကာသိပ္ပံအသင်းက ဦးဆောင်ဂိုးရယူနိုင်ခဲ့ပြီး ခိုင်ရဲဝင်း က သွင်းယူပေးခဲ့သည်။ ၂၇ မိနစ်တွင် ဇော်ဝင်းသိန်းကို တစ်ဖက်နောက်တန်းက ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ဘောကျုးလွန်သဖြင့် ရန်ကုန်အသင်း ပင်နယ်တီရရှိခဲ့ပြီး ရန်ကျော်ထွေး က သွင်းယူပေးခဲ့ကာ ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီနှင့်သရေရလဒ်ထွက်ပေါ်နေခဲ့သည်။

ရန်ကုန်အသင်း ဦးဆောင်ဂိုးကို ဒုတိယပိုင်းစပြီး ၇ မိနစ်အကြာတွင် ရန်နိုင်ဦး ညာခြမ်းမှ ကန်တင်ပေးမှုကို ရန်ကျော်ထွေးကခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ဆက်တိုက် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး တတိယဂိုးကို ဒေးဗစ်ထန်း က ပွဲချိန် ၆၄ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို ၃-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ ပွဲအစမှာ ကစားပုံနည်းနည်းလေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ရလဒ်အပေါ် ကျေနပ်ပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၇ ပွဲကစား၊ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၁၇ မှတ်နှင့် အဆင့် ၂နေရာတွင်ရပ်တည်နေပြီး လာမည့် ဩဂုတ်လ ၂၅ ရက်နေ့တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် YUSC ကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။