ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ရမှတ်ခွဲယူ

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ရမှတ်ခွဲယူ

ယနေ့ညနေက YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီနှင့် ရမှတ်ခွဲယူခဲ့ကြသည်။

ဂိုးရရှိရေးအတွက် နှစ်ဖက်အသင်း ကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲချိန် ၁၇ မိနစ်တွင် ဒေစီအောင် ၁၈ ကိုက်ထိပ်မှ ကန်တင်ရန်ကြိုးစားမှုက ဂိုးရခွင့်နှင့် နီးစပ်ခဲ့သော်လည်းတိုင်ထိထွက်ခဲ့ပြီး ဦးဆောင်ဂိုးရခွင့် နစ်နာခဲ့သည်။ ၃၄ မိနစ်တွင် ဧရာဝတီအသင်းအတွက် စန်းသော်သော် က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းကို ၁-၀ ဂိုးနှင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဒေစီအောင်နှင့် ယမင်းဖြူအစား ပန်းအိနွယ်နှင့် မြနှင်း​ဝေ ဝင်ရောက်ကစားခဲ့သည်။ ရန်ကုန်အသင်းအတွက်ချေပဂိုးကို ၅၁ မိနစ်တွင် ဖြူဖွေးက ရရှိသည့်ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ၁-၁ ဂိုးနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ပွဲစဉ် ၁၅ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၃ မှတ်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး လာမည့် အောက်တိုဘာ ၂ ရက်နေ့တွင် YREO အသင်းနှင့် YUSC ကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။