ရန်ကုန်ယူနိုက်တက် (ယူ-၂၀) က ၄-၀ ဂိုးနှင့် ရခိုင်ယူနိုက်တက် (ယူ-၂၀) အသင်းကို အနိုင်ရရှိ
ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ရခိုင်ယူနိုက်တက် (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေက စလင်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ၄-၀ ဂိုးနှင့် ရခိုင်လူငယ်အသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲစပြီး ၂ မိနစ်အကြာတွင် စိုင်းဇေယျာကျော် ၏ ဘယ်ခြမ်းမှ ဂိုးရှေ့ချပေးမှုကို ကောင်းခန့်ကျော် က ပိတ်သွင်းယူပေးခဲ့သည်။ ဆက်လက်ပြီး ၁၆ မိနစ်တွင် လွှမ်းထက်ထွန်း၏ ချိုးပေးမှုမှတဆင့် စိုင်းဇေယျာကျော် က ဒုတိယဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ၂၂ မိနစ်တွင် စိုင်းဇေယျာကျော်၏ အဝေးကန်ချက်ဖြင့် တတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ပထမပိုင်းကို ရန်ကုန်လူငယ်အသင်းက ၃-၀ ဂိုးနှင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းစပြီး ၄ မိနစ်အကြာတွင် ကောင်းခန့်ကျော် က ဂိုးသမားကိုကျော်ပြီး စတုတ္ထဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့သည်။ ရန်ကုန်အသင်း ဦးဆောင်ဂိုးများ ထပ်မံရရှိရန်ကြိုးစားခဲ့သော်လည်း ပွဲပြီးဆုံးချိန်ထိ ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိခဲ့သဖြင့် ၄-၀ နှင့်သာကျေနပ်ခဲ့ရသည်။
ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ၁၀ ပွဲကစား၊ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၁၄ မှတ်ရရှိထားပြီး လာမည့် ဩဂုတ်လ ၂၁ ရက်နေ့၊ ဟံသာဝတီယူနိုက်တက် (ယူ-၂၀) အသင်းနှင့် M-3 ကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။