မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့ပြင်ဆင်မှုအဖြစ် တိုက်စစ်မှုး အီစိုးကို ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့ပြင်ဆင်မှုအဖြစ် တိုက်စစ်မှုး အီစိုးကို ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့ပွဲစဉ်များအတွက် အားဖြည့်ပြင်ဆင်မှုအဖြစ် တိုက်စစ်မှုး အီစိုး ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

အီစိုးသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းမှ စတင်ခြေစွမ်းပြခဲ့သည့် လူငယ်ကစားတစ်ဦးဖြစ်ပြီး ရန်ကုန်အကြီးအသင်းနှင့်အတူ ၂၀၁၈ ကွင်းဖွင့်ဖလား၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံနှင့် ၂၀၁၈ နှင့် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဆုဖလား၊ စုစုပေါင်း ချန်ပီယံဆုဖလား ၄ လုံး ရယူပေးခဲ့သည့်ကစားသမားတစ်ဦးလည်းဖြစ်သည်။

ထို့အပြင် သက်တမ်းအလိုက်လက်ရွေးစင်နှင့် လက်ရွေးစင်အသင်းကြီးများတွင် ရွေးချယ်ခံခဲ့ရသည့် အီစိုးသည် ၂၀၂၂ ခုနှစ်မှစတင်ကာ နိုင်ငံတကာကလပ်အသင်းအတွေ့အကြုံများ ရရှိစေရန်အတွက် လာအိုကလပ် Young Elephants အသင်းနှင့် ထိုင်းလိဂ်-၂ ကလပ် Kasetsart တို့တွင် ခြေစွမ်းပြ ကစားခဲ့သည့် လူငယ်တိုက်စစ်မှုးဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကို တကျော့ပြန်ရောက်ရှိလာသည့် တိုက်စစ်မှုး အီစိုး က “ကျွန်တော်ရဲ့မွေးရပ်မြေကို ပြန်လည်ရောက်ရှိလာသလိုပါပဲ။ ကျွန်တော့်ကိုအသင်းက ပြန်လည်ပြီး ကြိုဆိုတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်။ အသင်းကညီအစ်ကိုတွေနဲ့ ရန်ကုန်ယူနိုက်တက် အသင်းလိုဂိုအောက်မှာ အလုပ်အတူတူပြန်လုပ်ခွင့်ရတော့မှာမလို့ ကျွန်တော့်အနေနဲ့ ပီတိဖြစ်တဲ့အပြင် အသင်းအတွက်ကစားပေးဖို့အဆင်သင့်ဖြစ်နေပါပြီ” ဟု ဝမ်းသာ စကားဆိုခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ ဒုတိယအကျော့ပွဲစဉ်များကို အောက်တိုဘာ ၁၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ထိုဒုတိယအကျော့ပွဲစဉ်များမှ စတင်ကာ တိုက်စစ်မှုး အီစိုး ဝင်ရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ယခင်ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၂၇ ကို ဝတ်ဆင်ကစားသွားမည်ဖြစ်သည်။