YREO အသင်းကို ၂-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း

YREO အသင်းကို ၂-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၏ မြန်မာအမျိုးသမီးလိဂ် (ဒုတိယအကျော့) ပထမပွဲစဉ်အဖြစ် YREO အမျိုးသမီးအသင်းနှင့် ယနေ့ ၃:၃၀ အချိန်က YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းက (၂ -၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ပွဲစဉ်၏ ပထမပိုင်းတွင် နှစ်ဖက်အသင်းက အပြန်အလှန်တိုက်စစ်ကစားနိုင်ခဲ့ပြီး ပွဲစဉ် (၁၁) မိနစ်တွင် YREO အသင်းက ပင်နယ်တီပြစ်တန်ဘော ကန်ခွင့်ရရှိခဲ့သည်။ ထိုပင်နယ်တီကို YREO အသင်းရဲ့တိုက်စစ် ကစားသမား စုစုခင် မှကန်သွင်းခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်ဂိုးသမား ဖီးဗေ က အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းက တောက်လျှောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲချိန် (၁၇) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ဦးဆောင်ဂိုးရရှိခဲ့ပြီး တောင်ပံကစားသမား ယွန်းဝတီလှိုင်၏ ဖြတ်တင်ပေးပို့မှုကို ဆွေမာအောင်မှ ကန်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး ရရှိစေခဲ့သည်။ ထို့နောက် ပထမပိုင်းအပြီး အချိန်ပိုတွင် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံရရှိခဲ့ကာ ယွန်းဝတီလှိုင်၏ ကန်ချက်ကို တစ်ဖက်ဂိုးသမား ပုတ်ထုတ်ပြီး ပြန်ထွက်ခဲ့သည့် ဘောလုံးကို တိုက်စစ်ကစားသမား ဝင်းသိင်္ဂီထွန်း ခေါင်းတိုက်ပိတ်သွင်းကာ ဒုတိယဦးဆောင်ဂိုးရယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် ရာသီဥတုအခြေအနေကြောင့် နှစ်ဖက်အသင်းစလုံး ခက်ခဲစွာကစားခဲ့ရပြီး ဒုတိယပိုင်းတွင် ဂိုးများမြင်တွေ့ခဲ့ရခြင်းမရှိပေ။ ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဖီးဗေသည် YREO အသင်းရဲ့ ပင်နယ်တီအပါအဝင် ဂိုးကန်ချက်များစွာကို အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး YREO အသင်းရဲ့ ဂိုးရရှိရေးကြိုးပမ်းမှုများကို ရပ်တန့်ပြစ်နိုင်ခဲ့သည့်အတွက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၂၀၂၄ မြန်မာအမျိုးသမီးလိဂ်၏ အမှတ်ပေးဇယားကို ရမှတ် ၁၈ မှတ်နှင့် ဆက်လက်ဦးဆောင်ထားနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် နောက်ထပ်ပွဲစဉ်အနေနှင့် လာမည့် ဇူလိုင်လ(၂၂) ရက်တွင် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။