ISPE အမျိုးသမီးအသင်းက ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကို ၅-၀ ဂိုးနှင့် အနိုင်ရရှိ
ယနေ့ စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ISPE အမျိုးသမီးအသင်းနှင့် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် ISPE အသင်းက (၅-၀) ဖြင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးကိုအနိုင်ရရှိခဲ့သည်။
ပထမပိုင်းပွဲကစားချိန်တွင် နှစ်သင်းစလုံးအပြန်လှန်တိုက်စစ်ဆင်ကစားနိုင်ခဲ့သော်လည်း ပြိုင်ပွဲအတွေ့ကြုံများပြားသည့် ISPE အသင်းက ပွဲကိုပိုမိုထိန်းချုပ်ကစားနိုင်ခဲ့ရာ ပွဲချိန် (၂၃) မိနစ်တွင် နုနု နှင့် ပွဲချိန် (၃၈) မိနစ်တွင် လင်းမြင့်မိုရ် တို့မှ ISPE အသင်းအတွက် သွင်းဂိုးများကိုရယူပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ အပြောင်းလဲများပြုလုပ်ပြီး ပြင်ဆင်ခဲ့သော်လည်း ISPE အသင်းက တိုက်စစ်ဆင်မှုများမှတဆင့် ဦးဆောင်ဂိုးများ ထပ်မံရရှိခဲ့ပြီး ပွဲချိန် (၇၃) မိနစ်တွင် ယဉ်လွန်းအိမ်၊ ပွဲချိန် (၈၄) မိနစ်နှင့် (၉၁) မိနစ်တွင် လင်းမြင့်မိုရ် တို့မှ သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ISPE အမျိုးသမီးအသင်းက (၅-၀) ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကိုအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ဩဂုတ်လ ၉ ရက်နေ့ YUSC တွင် သစ္စာအားမာန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။