GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ဒုတိယအကျော့ယှဉ်ပြိုင်မှုတွင် ရန်ကူန်ယူနိုက်အသင်းက ၃-၀ ဂိုးရလဒ်ဖြင့် အနိုင်ရရှိ

GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ဒုတိယအကျော့ယှဉ်ပြိုင်မှုတွင် ရန်ကူန်ယူနိုက်အသင်းက ၃-၀ ဂိုးရလဒ်ဖြင့် အနိုင်ရရှိ

GFA အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ဒုတိယအကျော့ယှဉ်ပြိုင်မှုအဖြစ် ယနေ့ညနေ ၄:၀၀ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ဟိန်းဇေယျာလင်း၊ ရန်ကျော်ထွေး နှင့် လမင်းထွေးတို့၏ သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့်ပွဲစဉ်တွင် ဟက်ထရစ်ဂိုးနဲ့ခြေစွမ်းပြခဲ့သည့် ရန်ကျော်ထွေး အသင်းပွဲထွက်လူစာရင်းတွင် ပါဝင်လာခဲ့သည်။ ပထမအကျော့တွင် ၃-၀ ဂိုးဖြင့် GFA အသင်းကို အနိုင်ရရှိခဲ့သည့် ရန်ကုန်အသင်းသည် အကောင်းဆုံးပုံစံနဲ့တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၁၁ မိနစ်တွင် ရရှိခဲ့သည်။ အဆိုပါဂိုးကို ရန်နိုင်ဦး၏ ဂိုးရှေ့ကန်တင်ပေးပို့မှုမှတဆင့် နောက်ခံလူဟိန်းဇေယျာလင်း က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ၃၀ မိနစ်တွင် ရန်နိုင်ဦး တစ်ဖက်နောက်တန်းနှင့်အပြိုင်ဘောလုံးဆွဲယူလာပြီး ဘယ်ခြမ်းမှပါလာသည့် ရန်ကျော်ထွေးကို ချပေးရာ ရန်ကျော်ထွေး အပိုင်ကန်ရန်ကြိုးစားသော်လည်း ဂိုးဘားတန်းထိ ပြီး ဂိုးလွန်ဘောဖြစ်ခဲ့သည်။ ဆက်တိုက်ဂိုးကန်သွင်းချက်များဖြင့် တစ်ဖက်အသင်းကို ဖိအားပေးခဲ့ပြီး ပထမပိုင်းပြီးခါနီးအချိန်တွင် ရန်ကျော်ထွေးက ပိတ်သွင်းယူပေးခဲ့ပြီး ၂-၀ ဂိုးနှင့်ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ယာယာနှင့် ဂျီဒီယွန်တက်တက် တို့အစား သူရိန်စိုးနှင့် ဥက္ကာနိုင် အစားထိုးဝင်ရောက်ကစားခဲ့သည်။ ဥက္ကာနိုင် ဂိုးပေါက်ကန်သွင်းရန်ကြိုးစားမှုများ ရှိခဲ့ပြီး ဂိုးလွန်ဘောများနှင့်သာ ကျေနပ်ခဲ့ရသည်။ ၆၅ မိနစ်တွင် အဘူဘာကာ အစား လှိုင်းဘိုဘို၊ ပွဲချိန် ၇၆ မိနစ်တွင် ရန်ကျော်ထွေးနှင့် ဝေလင်းအောင် တို့ အစား လမင်းထွေးနှင့် ဇော်ဝင်းသိန်း တို့ဝင်ရောက်ကစားခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် ဇော်ဝင်းသိန်း နောက်တန်း နှစ်ယောက်ကြားထဲမှ ဥက္ကာနိုင်သို့ ပေးပို့ခဲ့သော်လည်း ဥက္ကာနိုင် ၏ ကန်သွင်းချက် ဂိုးပေါက်လွဲချော်ခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် ဇော်ဝင်းသိန်း ကန်ရာမှ နောက်တန်းနှင့် ထိပြီးပြန်ထွက်လာသည့် ဘောလုံးကို လမင်းထွေး ပိတ်ကန်သွင်းခဲ့ရာ တတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ၃-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဖရန့်ဘန်ဟတ်က “ အနည်းငယ်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ အထနှေးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၇ ပွဲနိုင်၊ ရမှတ် ၂၁ မှတ် ရရှိထားပြီး လာမည့် မေလ ၁၉ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မဟာယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။