GFA ကို အနိုင်ယူပြီး တတိယမြောက်နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

GFA ကို အနိုင်ယူပြီး တတိယမြောက်နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

2024 Myanmar National League Cup ပြိုင်ပွဲ အုပ်စုတတိယမြောက်ပွဲစဥ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်း နှင့် GFA အသင်းတို့ ယနေ့ညနေက YUSC တွင် ယှဥ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် သွင်းဂိုးများကို ဝေလင်းအောင် က ၂ ဂိုးနှင့် ဂျီဒီအွန်တပ်တက် က တစ်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ကာ အသင်းခေါင်းဆောင် အဖြစ် မင်းကျော်ခန့် ဦးဆောင်လာခဲ့ပြီး နောက်ခံလူ ဟိန်းဇေယျာလင်း လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ရန်ကုန်အသင်းက တစ်ဖက်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲအစ ၁၀ အတွင်းတွင် အီမန်နူရယ်ဆန်နိုဂိုနှင့် ဝေလင်းအောင် တို့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် ဂျီဒီအွန်တပ်တက် က ကွင်းလယ်တစ်ဝက် မှ ဆွဲယူကန်သွင်းခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ၁-၀ ဂိုးဖြင့် GFA အသင်းကို ဦး‌ဆောင်နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ဇော်ဝင်းသိန်းအစား ရန်နိုင်ဦး ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း အတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် မင်းကျော်ခန့် ချပေးသည့် လက်ပစ်ဘောမှတဆင့် ဝေလင်းအောင် က ဂိုးအတွင်းသို့ တိုက်ရိုက်ကန်သွင်းယူခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ဥက္ကာနိုင်နှင့် အဘူဘာကာ တို့အစား ညီညီအောင် နှင့် အောင်မျိုးခန့် တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီးနောက် ပွဲချိန် ၇၁ မိနစ်တွင် တတိယဂိုး ထပ်မံရရှိခဲ့သည်။ အဆိုပါသွင်းဂိုးကို ဝေလင်းအောင် က အဝေးကန်ချက်ဖြင့် သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ၃-၀ ဂိုးနှင့် GFA အသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဖရန့်ဘန်ဟက် က “ပြောရရင်တော့ ရလဒ်နဲ့ပတ်သက်ပြီးကျေနပ်ပါတယ်။ တစ်ချို့ကစားသမားတွေကစားတာကိုလည်းကျေနပ်ပါတယ်။ ပထမပိုင်းကိုတော့ သိပ်ပြီးအားမရပါဘူး” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် Myanmar National League Cup အုပ်စု(က) ပွဲစဥ် ၃ ပွဲယှဥ်ပြိုင်ကစား ပြီးချိန်တွင် ၃ ပွဲနိုင် ရမှတ် ၉ မှတ်၊ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့ပြီး လာမည့် ဧပြီလ ၅ ရက်တွင် မဟာယူနိုက်တက်အသင်းနှင့် တက္ကသိုလ်အားကစားကွင်းတွင် ဆက်လက် ယှဥ်ပြိုင်ရမည်ဖြစ်သည်။