GFA ကို အနိုင်ယူပြီး တတိယမြောက်နိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်
2024 Myanmar National League Cup ပြိုင်ပွဲ အုပ်စုတတိယမြောက်ပွဲစဥ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်း နှင့် GFA အသင်းတို့ ယနေ့ညနေက YUSC တွင် ယှဥ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် သွင်းဂိုးများကို ဝေလင်းအောင် က ၂ ဂိုးနှင့် ဂျီဒီအွန်တပ်တက် က တစ်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ကာ အသင်းခေါင်းဆောင် အဖြစ် မင်းကျော်ခန့် ဦးဆောင်လာခဲ့ပြီး နောက်ခံလူ ဟိန်းဇေယျာလင်း လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ရန်ကုန်အသင်းက တစ်ဖက်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲအစ ၁၀ အတွင်းတွင် အီမန်နူရယ်ဆန်နိုဂိုနှင့် ဝေလင်းအောင် တို့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် ဂျီဒီအွန်တပ်တက် က ကွင်းလယ်တစ်ဝက် မှ ဆွဲယူကန်သွင်းခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ၁-၀ ဂိုးဖြင့် GFA အသင်းကို ဦးဆောင်နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ဇော်ဝင်းသိန်းအစား ရန်နိုင်ဦး ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း အတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် မင်းကျော်ခန့် ချပေးသည့် လက်ပစ်ဘောမှတဆင့် ဝေလင်းအောင် က ဂိုးအတွင်းသို့ တိုက်ရိုက်ကန်သွင်းယူခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ဥက္ကာနိုင်နှင့် အဘူဘာကာ တို့အစား ညီညီအောင် နှင့် အောင်မျိုးခန့် တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီးနောက် ပွဲချိန် ၇၁ မိနစ်တွင် တတိယဂိုး ထပ်မံရရှိခဲ့သည်။ အဆိုပါသွင်းဂိုးကို ဝေလင်းအောင် က အဝေးကန်ချက်ဖြင့် သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ၃-၀ ဂိုးနှင့် GFA အသင်းကို အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဖရန့်ဘန်ဟက် က “ပြောရရင်တော့ ရလဒ်နဲ့ပတ်သက်ပြီးကျေနပ်ပါတယ်။ တစ်ချို့ကစားသမားတွေကစားတာကိုလည်းကျေနပ်ပါတယ်။ ပထမပိုင်းကိုတော့ သိပ်ပြီးအားမရပါဘူး” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် Myanmar National League Cup အုပ်စု(က) ပွဲစဥ် ၃ ပွဲယှဥ်ပြိုင်ကစား ပြီးချိန်တွင် ၃ ပွဲနိုင် ရမှတ် ၉ မှတ်၊ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့ပြီး လာမည့် ဧပြီလ ၅ ရက်တွင် မဟာယူနိုက်တက်အသင်းနှင့် တက္ကသိုလ်အားကစားကွင်းတွင် ဆက်လက် ယှဥ်ပြိုင်ရမည်ဖြစ်သည်။